နယူးယောက်မြို့သားတွေ အားပေးခဲ့တဲ့ ကုလဌာနချုပ်က မြန်မာ့အရေးဆန္ဒပြပွဲ
နယူးယောက် — ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိလာချိန် မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာကို အရင်အတိုင်း ဆက်လက်ထားရှိဖို့ မြန်မာနွယ်ဖွား ၁၀၀၀ နီးပါး ကုလသမဂ္ဂဌာနချုပ်အနီးမှာ စက်တင်ဘာလ (၁၉) ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
နှစ်နာရီနီးပါးကြာတဲ့ ချီတက်ပွဲမှာ ဆန္ဒပြသူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအုပ်စု အုပ်ချုပ်နေတာကို ကန့်ကွက်ခဲကြသလို လွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။
ချီတက်ကြသူတွေ မြို့အတွင်း ဖြတ်သန်းသွားနေချိန်မှာ နယူးယောက်မြို့ခံတွေကလည်း အားပေးကြွးကြော်ခဲ့ကြသလို မော်တော်ယာဥ်တွေကလည်း ဟွန်းတီးပြီး ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ မြန်မာ-အမေရိကန် လူငယ်တက်ကြွလှုပ်ရှားသူ ယွန်းအိကလည်း အခုလို နယူးယောက်သားတွေရဲ့ တုံ့ပြန်အားပေးမှုတွေဟာ မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူမရှုဖို့ တိုက်တွန်းရာမှာ အရေးပါတယ်လို့ မြန်မာဂလိုဘယ်လ်မီဒီယာကို ပြောပါတယ်။
NYPD နယူးယောက် ရဲတပ်ဖွဲ့ကလည်း မြန်မာနွယ်ဖွားတွေရဲ့ ချီတက်ဆန္ဒပြပွဲကို အင်နဲ့အားနဲ့ လုံခြုံရေးယူ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်။
