စစ်အုပ်စု အကြပ်အတည်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးလာတာ ဖြစ်နိုင်ဟု နီးစပ်သူ သုံးသပ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ကို ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ပေးလာတာဟာ စစ်အုပ်စု ဘက်က အကြပ်အတည်းတွေ ပိုရင်ဆိုင်လာရချိန် တဖက်မှာလည်း နိုင်ငံတကာဖိအားတွေ တိုးလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ ဦးကျော်ဌေးဦးက သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ကူညီဆောင်ရွက်ပေးခဲ့ဖူးပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စိုက်ပျိုးရေးနဲ့ သက်မွေးပညာသင်တန်းကျောင်း စီမံကိန်းမှာလည်း ဦးဆောင်တာဝန်ယူခဲ့သူ ဦးကျော်ဌေးဦးက မြန်မာဂလိုဘယ်မီဒီယာ (MGM) ကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်ဌေးဦးရဲ့ သုံးသပ်ချက်အရ စစ်အုပ်စုဟာ နိုင်ငံတကာက ဖိအားပေးလာတာ၊ ငွေကြေးခဝါချမှုဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ FATF ရဲ့ နောက်ထပ်အရေးယူချက်တွေ ချမှတ်လာနိုင်တာနဲ့ ပြည်တွင်းစစ်ရေးအခြေအနေတွေကြောင့် အကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် FATF က မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ပိုမိုတင်းကျပ်တဲ့ တန်ပြန်အရေးယူချက်တွေ ချမှတ်လာနိုင်တဲ့အခြေအနေကို စစ်အုပ်စုအနေနဲ့ စိုးရိမ်နေနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
FATF ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အီရန်နဲ့ မြောက်ကိုရီးယားတို့နဲ့အတူ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အန္တရာယ်မြင့်နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။
အီရန်နဲ့ မြောက်ကိုရီးယားအပေါ် တန်ပြန်အရေးယူချက်တွေ ချမှတ်ဖို့ FATF က တိုက်တွန်းထားပြီး မြန်မာနိုင်ငံအပေါ်မှာတော့ ပိုမိုတင်းကျပ်တဲ့ ငွေကြေးစစ်ဆေးချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ အောက်တိုဘာလအထိ လိုအပ်တဲ့ တိုးတက်မှု မရှိရင် မြန်မာနိုင်ငံအပေါ် နောက်ထပ်တန်ပြန်အရေးယူချက်တွေ စဉ်းစားမယ်လို့လည်း သတိပေးထားပါတယ်။
ဦးကျော်ဌေးဦးက ဂျပန်နိုင်ငံရဲ့ သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်ချက်တွေနဲ့ ထိတွေ့ဆက်ဆံရေး ကြိုးပမ်းချက်တွေဟာလည်း လက်ရှိအခြေအနေနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဂျပန်က ကြားထဲကနေ ဝင်ပြီးတော့ လုပ်ပေးနေတာတွေ အများကြီးရှိတယ်။ —–ဂျပန်ကလည်း သူ့ရဲ့ အကျိုးစီးပွားရှိနေတယ်လေ။ အကျိုးစီးပွားရှိနေတော့ သူတို့ကလည်း ထိတွေ့ဆက်ဆံတာကို လုပ်ချင်ကြတယ်။ အဲဒီလို ထိတွေ့ဆက်ဆံတာကို လုပ်ချင်တဲ့အခါကျတော့ ကျနော်တို့ ပြောနိုင်တခုပဲရှိတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မထိခိုက်ဖို့ လိုတယ်။ အဲဒီတော့ တတ်နိုင်သမျှ ဂျပန်တွေကို မက်ဆေ့ချ်ပေးခဲ့တာတွေ၊ အကြံပေးခဲ့တာတွေ ရှိတယ်။ ဒါကို လက်တွေ့လုပ်ပြတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။”
ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ဖုန်းပြောခွင့်ရလာတာဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိသားစုနဲ့ ဆက်သွယ်ခွင့် အခြေခံအခွင့်အရေးဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ မိနစ် ၂၀ ခန့် ဖုန်းပြောခွင့်ပေးတာဟာ စစ်အုပ်စုရဲ့ စေတနာကြောင့် ရရှိလာတဲ့ အထူးအခွင့်အရေးတစ်ခု မဟုတ်ဘဲ အကျဉ်းသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးသာ ဖြစ်တယ်လို့ ဦးကျော်ဌေးဦးက ထောက်ပြပါတယ်။
သူကိုယ်တိုင်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြပြီး အကျဉ်းသားတွေအနေနဲ့ မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့် ရှိသင့်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ထားပြီးမှ အခုလို ဖုန်းပြောခွင့်ပေးလာတာကို နိုင်ငံရေးအရ အသုံးချနေတယ်လို့လည်း သူက ဝေဖန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး
စစ်တပ်ကျောထောက်နောက်ခံပြု သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ဖုန်းပြောနေတဲ့ ဓာတ်ပုံတွေကို တရားဝင် Facebook စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်လက်တွဲခဲ့ဖူးတဲ့ ဦးကျော်ဌေးဦးကတော့ ဓာတ်ပုံထဲမှာ မြင်တွေ့ရတဲ့ သူမရဲ့ အခြေအနေကို အကောင်းမြင်သုံးသပ်ပါတယ်။
ဒါပေမဲ့ ဓာတ်ပုံတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။
သားဖြစ်သူ ကင်မ်အဲရစ်ကလည်း အောက်တိုဘာ ၂၂ ရက်နေ့မှာ မိခင်နဲ့ ငါးနှစ်ကျော်အကြာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရခဲ့တာကို အတည်ပြုခဲ့ပြီး မိခင်ရဲ့အသံ ပြန်ကြားရတာဟာ စကားလုံးတွေနဲ့ ဖော်ပြမရလောက်အောင် အဓိပ္ပာယ်ရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တကြိမ် ဖုန်းပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့် ရရှိလာတာ မဟုတ်သလို လွတ်မြောက်ရေးလည်း မဟုတ်ဘူးလို့ ကင်မ်အဲရစ်က အလေးပေးပြောဆိုထားပါတယ်။
Photo credit: Ko Kyaw Htay Oo’s Facebook
