ကန်-မြန်မာ ထိတွေ့ဆက်ဆံရေးကို ထိုင်းကြိုဆို၊ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် လက်ခံတာမဟုတ်ဟုဆို
နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုချက်ရဖို့ မြန်မာစစ်အုပ်စုက ကြိုးစားနေချိန်မှာ အမေရိကန်နဲ့ မြန်မာအကြား ပြန်လည်ထိတွေ့ဆက်ဆံတာကို ကြိုဆိုကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွန်းကဲ့ရှိုင်း (Sihasak Phuangketkeow) က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် ထိတွေ့ဆက်ဆံတာဟာ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် လက်ခံပေးတာ မဟုတ်ကြောင်း သူက ဆိုပါတယ်။
ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့မှာ အောက်တိုဘာ ၂၃ ရက်က Reuters သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ စီဟာဆက်က အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံ အထီးကျန်နေတာမျိုး၊ ပထဝီနိုင်ငံရေးအရ အင်အားပြိုင်ဆိုင်ရာ နယ်မြေတခုဖြစ်လာတာမျိုး မမြင်လိုတာကြောင့် အမေရိကန်က ပြန်လည်ထိတွေ့ဆက်ဆံတာကို ကြိုဆိုကြောင်း သူက ပြောပါတယ်။
အဲဒီလို ထိတွေ့ဆက်ဆံတာက ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ အတိုက်အခံတွေနဲ့ ပြန်လည်သင့်မြတ်ရေးကို အားပေးဖို့ ရည်ရွယ်ကြောင်းလည်း စီဟာဆက်က ဆိုပါတယ်။
Reuters ရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ မြန်မာစစ်တပ်ကျောထောက်နောက်ခံပြုအစိုးရတို့ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆွေးနွေးခဲ့ကြပြီး ဒါဟာ တလအတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အာဆီယံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ မျှော်လင့်
လာမယ့် နိုဝင်ဘာလ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ရှေ့ဆက်ဆောင်ရွက်မယ့် နည်းလမ်းတွေကို အနှစ်သာရရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့ မျှော်လင့်ကြောင်း စီဟာဆက်က ပြောပါတယ်။
ဒါပေမယ့် အာဆီယံမှာ မြန်မာနိုင်ငံကို အပြည့်အဝ ပြန်လည်ကိုယ်စားပြုခွင့်ပေးရေးကိုပါ ဆွေးနွေးမလားဆိုတာ မသေချာသေးကြောင်း သူက ဆိုပါတယ်။
အာဏာသိမ်း ပြီး ကိုယ့်ကိုယ်ကိုသမ္မတ ခန့်ထားတဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ မကြာသေးမီက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားခရီးစဉ်တွေကို ရည်ညွှန်းပြီး အာဆီယံရဲ့ ရပ်တည်ချက် အနည်းငယ်ပြောင်းလာကြောင်းလည်း စီဟာဆက်က ပြောပါတယ်။
အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာတွေ တိုးလာနေသလို အာဆီယံအတွင်း မြန်မာ့အရေး ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ် — Reuters၊ AP
