|

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလသမဂ္ဂဖိအားပေး

မတရားဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ သက်ရှိ ထင်ရှားရှိနေတယ်ဆိုတာ သက်သေပြဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂကမှာ ဖိအားပေးပြောဆိုတာတွေရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာဂလိုဘယ်လ် မီဒီယာ (MGM) ကို ပြောကြားခဲ့ပါတယ်။

အ​မေရိကန်ပြည်ထောင်စု နယူးယောက်မှာ ဇွန်လ (၂၀)ရက်နေ့က ကျင်းပခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့ပွဲကို သံအမတ်ကြီး ကိုယ်တိုင်တက်ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို ပြသဖို့ ကုလသမဂ္ဂမှာ လှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ MGM ကို ပြောကြားခဲ့တာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ (၁၉)ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကို မြန်မာစစ်တပ်အနေနဲ့ သက်သေပြဖို့ တောင်းဆိုသွားတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

စစ်ခေါင်းဆောင်အဖြစ်ကနေ အသွင်ပြောင်းပြီး သမ္မတ အမည်ခံ ဦးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့ကတော့ ဒေါ်အာင်ဆန်းစုကြည်ကို ဘယ်မှာ ထိမ်းသိမ်းထားသလဲဆိုတာတရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး ၅နှစ်ကြာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ စစ်တပ်ဘက်က ဓါတ်ပုံတပုံသာ တရား၀င်ထုတ်ပြန်ခဲ့တာပါ။ ဒီဓါတ်ပုံနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်အပေါ် ယုံကြည်ရခက်ခဲကြောင်း ဆိုရှယ်မီဒီယာတွေမှာ အများစုက ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာ စစ်တပ်ဘက်က သက်သေပြဖို့ သားငယ် မောင်ထိန်လင်း ခေါ် Kim Aris ဦးဆောင်ပြီး ကမ္ဘာတဝှမ်းတောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။

Similar Posts