ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို
ပရာ့ဂ်၊ ချက်သမ္မတနိုင်ငံ — ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့၊ မိသားစုဝင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ပြုဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က မိမိကိုယ်ကို သမ္မတအဖြစ်ခံယူထားတဲ့ မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ထံ စာရေးသားပေးပို့ပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ ရေးသားထားတဲ့ အဆိုပါစာမှာ အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ မိသားစုဝင်တွေအကြား တိုက်ရိုက်အဆက်အသွယ် မရရှိသေးတဲ့အပြင် ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကိုလည်း မသိရှိရတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း ကင်မ်အဲရစ်က သူ့ရဲ့စာမှာ ဖော်ပြထားတာပါ။
“နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲ့ မကြာသေးမီက သွားရောက်တွေ့ဆုံနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရာ အနည်းငယ်ရပေမဲ့ ကျနော်တို့ မိသားစုအနေနဲ့ အမေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရရှိသေးသလို အမေ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း အသိပေးခြင်း မရှိသေးပါဘူး” လို့ စာထဲမှာ ရေးသားထားပါတယ်။
၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ ခွဲခွာနေရတာဟာ ငါးနှစ်ကျော်ရှိပြီဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
“ကျနော်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပြီး လူသားချင်းစာနာမှုအပေါ် အခြေခံတဲ့ တောင်းဆိုချက်ပါ။ အမေနဲ့ မိသားစုဝင်တွေအကြား ချက်ချင်း၊ ပုံမှန် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့၊ ကျနော်တို့နဲ့ တိုက်ရိုက်စကားပြောခွင့်ပေးဖို့နဲ့ အမေ့ကျန်းမာရေး၊ နေထိုင်ရေးအတွက် ပို့ပေးတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လက်ခံရရှိခွင့်ပြုဖို့ တောင်းဆိုပါတယ်” လို့လည်း ကင်မ်အဲရစ်က ဆိုပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
“ကျနော့်အမေ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်” လို့ ကင်မ်အဲရစ်က ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်အရ မိသားစုနဲ့ ဆက်သွယ်ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားဆန်စွာ ဆက်ဆံခံရမှုတို့ဟာ အလွန်အရေးကြီးကြောင်းလည်း ကင်မ် က ပြောပါတယ်။
ပရာ့ဂ်မြို့ မြန်မာသံရုံးတံခါးအောက်မှ စာထားခဲ့ရ
မနေ့ ဗုဒ္ဓဟူးနေ့က ပရာ့ဂ်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲပြုလုပ်နေချိန်မှာ ကင်မ်အဲရစ်က အဆိုပါစာကို မြန်မာသံရုံးကို ပေးအပ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သံရုံးဘက်က စာကို လက်ခံယူဖို့ တာဝန်ရှိသူ တစ်ဦးတစ်ယောက်တောင် ထွက်လာတာမျိုးမရှိတဲ့အတွက် ကင်မ်က စာကို သံရုံးတံခါးအောက်ထဲ ထည့်ခဲ့ရပါတယ်။ ဒီစာဟာ မိမိကိုယ်ကို သမ္မတအဖြစ်ခန့်အပ်ထားတဲ့ ဦးမင်းအောင်လှိုင်အောင်ဆီကို ရောက်ရှိသွားခြင်းရှိမရှိ လတ်တလော အတည်ပြုလို့ မရသေးပါဘူး။
မြန်မာဂလိုဘယ်လ်မီဒီယာအနေနဲ့ ဆန္ဒပြပွဲကို သွားရောက်သတင်းယူရာမှာ ဂျာမနီနဲ့ ပြင်သစ်စတဲ့ ဥရောပရောက် မြန်မာနွယ်ဖွားတွေနဲ့ မြန်မာ့အရေးထောက်ခံသူတွေပါ၀င်တာကို တွေ့ရပါတယ်။
အရပ်သားပြည်သူတွေနေထိုင်ရာ ဒေသတွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကာကွယ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
