ကမ္ဘာ့ဖလား ဘောလုံးပွဲထိ ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှု
“ဒီကမ်ပိန်းကို လုပ်ရတဲ့အကြောင်းအရင်းက ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့ နိုင်ငံ့ခေါင်းဆောင် အကျဥ်းကျခံနေရတယ်။ သူနဲ့အတူ နိုင်ငံရေးအကျဥ်းသားတွေဟာလည်း ထောင်ထဲတွေမှာ ကနေ့အချိန်ထိ ငါးနှစ်ကျော်ကြာ အကျဥ်းကျခံနေရတဲ့အတွက် တောင်းဆိုလှုပ်ရှားကြတာဖြစ်တယ်။ နောင်လည်း ဒီလိုမျိုး ကမ်ပိန်းလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်။” – ကိုနေလူးဝတ်စ် (မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ)
စစ်တပ်ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး ကမ်ပိန်းကို အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် MetLife အားကစားကွင်းကြီးမှာ ဇွန်လ (၂၂)ရက်နေ့ကကမ္ဘာ့ဖလား ဘောလုံးပွဲစဥ်တခုမှာ မြန်မာနွယ်ဖွားတချို့ ပြုလုပ်ခဲ့တာပါ။
ပွဲကြည့်စဥ်ရှေ့တန်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ banner ကိုကိုင်ဆိုင်ပြီး ဓါတ်ပုံရိုက်ခဲ့ကြတဲ့အတွက်သတင်း မီဒီယာတချို့ကပါ စိတ်ဝင်တစားမေးမြန်းခဲ့ကြောင်း ကိုယ်တိုင်ပါ၀င်ခဲ့သူ နယူးယောက်အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေတဲ့ ကိုနေလူးဝတ်စ်က မြန်မာဂလိုဘယ်လ် မီဒီယာ (MGM) ကို ပြောပါတယ်။
ဒါအပြင် လူအများစိတ်ဝင်စား အာရုံစိုက်လာရေး Proof of Life ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့ မြန်မာစစ်တပ်အပေါ်
ဖိအားပေးရေး တောင်းဆိုလှုပ်ရှားခဲ့ကြောင်းလည်း ကိုနေလူးဝတ်စ်က ဆိုပါတယ်။
အဲဒီနေ့ကပြုလုပ်တဲ့ နော်ဝေးနဲ့ ဆီနီကော် နှစ်နိုင်ငံဘောလုံးပွဲစဥ်မှာ နော်ဝေးက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာလည်း အမေရိကန်နိုင်ငံကို လာရောက်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲကို အားပေးကြတဲ့ နော်ဝေးဘောလုံး ပရိသတ်တွေရဲ့ ရိုးရာ Viking လှေလှော်တဲ့ပုံစံအတိုင်း တက်ညီလက်ညီ အော်ဟစ်အားပေးခဲ့ကြတာကလည်း လူအများအတွက် ရင်သပ်ရှုမော စရာဖြစ်ခဲ့ပါတယ်။
အခုလို ကမ္ဘာ့ဖလားဘောလုံးပွဲစဥ်တွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လူအများစိတ်ဝင်စားအောင် လှုပ်ရှားနိုင်ခဲ့တဲ့အပေါ်မှာလည်း ကိုယ်တိုင်ပါ၀င်ခဲ့ကြသူတွေဘက်က အားရကျေနပ်မိကြောင်း ကိုနေလူးဝတ်စ်က ပြောဆိုခဲ့ပါတယ်
