ဘုရင်ချားလ်စ် ပေးပို့တဲ့စာအုပ်တွေ လပေါင်းများစွာကြာမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့
ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးပို့ခဲ့တဲ့ စာအုပ်နှစ်အုပ်ကို မြန်မာစစ်အုပ်စုက လပေါင်းများစွာ ကြာမှ ပေးအပ်ခဲ့တယ်လို့ ယုံကြည်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က မြန်မာဂလိုဘယ်မီဒီယာ (MGM) နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။
ဘုရင်ချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၁၉ ရက်နေ့ ကျရောက်တဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အမီ စာအုပ်တွေ ပေးပို့ခဲ့တာဖြစ်နိုင်ပေမဲ့ စစ်တပ်က အဲဒီအချိန်မှာ မပေးအပ်ခဲ့ဘူးလို့ ကင်မ်အဲရစ်က အောက်တိုဘာ ၂၇ ရက်နေ့ မေးမြန်းခန်းမှာ ပြောပါတယ်။
“ဒါဟာ စစ်တပ်က သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးချနေတာပဲလို့ ကျနော် ထင်ပါတယ်။ ဘုရင်ချားလ်စ်က ဒီစာအုပ်တွေကို မေမေ့မွေးနေ့အမီ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက ပေးပို့ခဲ့တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အဲဒီအချိန်တုန်းက မေမေ့ကို မပေးခဲ့ပါဘူး။”
“ဒီစာအုပ်တွေကို အချိန်အတော်ကြာ ထိန်းသိမ်းထားပြီး အရင်ကတည်းက ပေးလို့ရနေပေမဲ့ အခုမှ ပေးအပ်ခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။
ဘုရင်ချားလ်စ် ပေးပို့တဲ့ ဥယျာဉ်စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်နှစ်အုပ်ကို စစ်တပ်ဘက်က အောက်တိုဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီစာအုပ်တွေကို ဘုရင်ချားလ်စ်က ဘယ်နေ့မှာ ပေးပို့ခဲ့သလဲ၊ စစ်တပ်ဘက်က ဘယ်နေ့မှာ လက်ခံရရှိခဲ့သလဲဆိုတာကို MGM အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း ဘုရင်ချားလ်စ်က သူ့မိခင်ထံ တခြားစာအုပ်တွေ ပေးပို့ခဲ့ဖူးတယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရခဲ့ပြီးနောက် မိခင်ဖြစ်သူရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နောက်ထပ်သတင်းအချက်အလက် တစုံတရာ မရရှိသေးကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က MGM ကို ပြောပါတယ်။
ဖုန်းပြောဆိုချိန်မှာ မိခင်ဖြစ်သူက လက်နာကျင်နေပြီး တခါတရံ လက်ကို အသုံးမပြုနိုင်တဲ့ အခြေအနေရှိကြောင်း ပြောပြခဲ့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ခံထားရဆဲ ဖြစ်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအခြေအနေ၊ ဘုရင်ချားလ်စ် ပေးပို့တဲ့ စာအုပ်တွေ၊ မိခင်ဖြစ်သူ လွတ်မြောက်ရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီး ကင်မ်အဲရစ်နဲ့ MGM ရဲ့ သီးသန့်အင်တာဗျူး အစအဆုံးကို မကြာမီ ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
