၅ နှစ်ကျော်အကြာ မိခင်ရဲ့အသံ ပြန်ကြားရတာ စကားလုံးနဲ့ ဖော်ပြမရအောင် အဓိပ္ပာယ်ရှိ
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) တို့ ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်စကားပြောခွင့်ရခဲ့ပါတယ်။
မိခင်ရဲ့အသံကို ပြန်ကြားရတာဟာ သူ့အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိတယ်လို့ ကင်မ်အဲရစ်က သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ပြောထားပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံ သမ္မတပြောရေးဆိုခွင့်ရှိသူရဲ့ တရားဝင် Facebook စာမျက်နှာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ် တို့ ဖုန်းနဲ့ မိနစ် ၂၀ လောက် ဆက်သွယ်စကားပြောခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်မ်အဲရစ် တို့ သီးခြားနေရာတွေမှာ ဖုန်းပြောနေတဲ့ ဓာတ်ပုံနှစ်ပုံကိုလည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်စကားပြောခွင့်ရခဲ့တာဟာ ပုံမှန်မိသားစုဆက်သွယ်ခွင့် ရရှိလာတာ မဟုတ်သလို မိခင် လွတ်မြောက်လာတာလည်း မဟုတ်ကြောင်း ကင်မ်အဲရစ်က အလေးပေးပြောဆိုထားပါတယ်။
မိခင်နဲ့ ပြောဆိုရာမှာလည်း မိသားစုအကြောင်းတွေကိုပဲ အဓိက ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။ ဖုန်းပြောဆိုချက်ကို အသံသွင်းထားမယ်ဆိုတာ သိတဲ့အတွက် အကဲဆတ်တဲ့ ကိစ္စတွေကို မပြောခဲ့ဘူးလို့လည်း ဆိုပါတယ်။
မိခင်ရဲ့အသံဟာ ကျန်းမာပုံရတယ်လို့ ကင်မ်အဲရစ်က ပြောပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်တွေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိခင်နဲ့ ပြန်လည်စကားပြောခွင့်ရခဲ့တာကို ဝမ်းသာကြောင်း ပြောဆိုခဲ့ပေမဲ့ ဒီအခွင့်အရေးကို လွတ်မြောက်ရေးနဲ့ မရောထွေးဖို့ ကင်မ်အဲရစ်က အလေးပေး သတိပေးထားပါတယ်။
“တကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်ပါဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး မိသားစုနဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးခွင့်တွေ ရရှိဖို့ လိုအပ်နေသေးတယ်လို့ ကင်မ် က ပြောပါတယ်။
သူ့မိခင်နဲ့ သူ့ဘက်က ရပ်တည်အားပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး အားလုံးရဲ့ တောင်းဆိုသံတွေကြောင့် အခုလို မိခင်နဲ့ ပြန်လည်စကားပြောခွင့်ရခဲ့တာလို့ ယုံကြည်ကြောင်း ဆိုပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေးရာ အသိအမှတ်ပြုခံရဖို့၊ ပိတ်ဆို့အရေးယူတာတွေ လျှော့ပေါ့ပေးဖို့ ဒါမှမဟုတ် နိုင်ငံရေးအကျိုးအမြတ်ရဖို့ အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ ကင်မ်က သတိပေးပါတယ်။
ဗြိတိန်အစိုးရအပါအဝင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးအနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို သံတမန်ရေးရာ အသိအမှတ်ပြုခံရဖို့အတွက် အလဲအလှယ်မလုပ်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စမဟုတ်ကြောင်း သူ့ရဲ့ ထုတ်ပြန်ချက်မှာ အလေးပေးထားပါတယ်။
MGM ကို ပြောကြားခဲ့တဲ့ သဘောထား
အခုလို မိခင်နဲ့ ပြန်လည်စကားပြောခွင့်မရမီ တစ်ရက်အလို အောက်တိုဘာ ၂၁ ရက်နေ့မှာ ကိုထိန်လင်းက မြန်မာဂလိုဘယ်မီဒီယာ (MGM) ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တုံ့ပြန်ရာမှာ ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) ပေးပို့တဲ့ စာအုပ်တွေကို မိခင်ဖြစ်သူ လက်ခံရရှိနေတဲ့ ဓာတ်ပုံတွေ စစ်အုပ်စုက ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ပါတယ်။
ဘုရင်ချားလ်စ်ရဲ့ လက်ဆောင်ပေးပို့မှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပေမဲ့ စစ်အုပ်စုအနေနဲ့ ဒီဓာတ်ပုံတွေကို အသုံးချပြီး အခြေအနေတွေ ပုံမှန်ဖြစ်နေသယောင်၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိနေသယောင် ဖန်တီးတာမျိုး မဖြစ်သင့်ဘူးလို့ ကိုထိန်လင်းက MGM ကို ပြောပါတယ်။
“ကျွန်တော့်အမေကို ဘုရင်ချားလ်စ်က အခုထိ သတိတရရှိနေပြီး စာအုပ်တွေ ပေးပို့ခဲ့တာကို သိရတဲ့အတွက် ကျွန်တော့်အနေနဲ့ စိတ်သက်သာရာရပါတယ်။ ဘုရင်ကြီးရဲ့ ဒီလိုဂရုတစိုက် ဆောင်ရွက်ပေးမှုကိုလည်း တကယ်ပဲ ကျေးဇူးတင်ပါတယ်။”
“ဒါပေမဲ့ စစ်အုပ်စုက သူတို့ရွေးချယ်ထားတဲ့ အချက်အလက်တချို့ကိုပဲ ထုတ်ပြပြီး အခြေအနေအားလုံး ပုံမှန်ဖြစ်နေသလို၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိနေသလို ဖန်တီးနေတာမျိုးကို ကျွန်တော်တို့ လက်မခံသင့်ပါဘူး။ ကျွန်တော့်အမေရဲ့ အခြေခံလူ့အခွင့်အရေးတွေဟာ အခုအချိန်အထိ ချိုးဖောက်ခံနေရဆဲပါ” လို့ ကိုထိန်လင်းက MGM ကို ပေးပို့တဲ့ သဘောထားမှာ ပြောထားပါတယ်။
ဒီလအစောပိုင်းက ချက်နိုင်ငံ ပရာ့ဂ်မြို့မှာ ဥရောပရောက် မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံစဉ်မှာလည်း ကိုထိန်လင်းက မိခင် ဘယ်မှာရှိနေတယ်၊ ဘယ်လိုနေနေရတယ်ဆိုတာ ငါးနှစ်နီးပါး မသိခဲ့ရသလို တချို့နှစ်တွေမှာ မိခင် အသက်ရှင်နေသေးရဲ့လားဆိုတာတောင် မသိခဲ့ရကြောင်း MGM ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
နောက်ခံအခြေအနေ
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိမှာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံထားရပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြု အာဏာပိုင်တွေက ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားကြောင်း ပြောဆိုခဲ့ပေမဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေတွေကို ပြင်ပက လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဩဂုတ် ၃ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ICRC က အတည်ပြုခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း မြန်မာနိုင်ငံ သမ္မတပြောရေးဆိုခွင့်ရှိသူရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဘုရင်ချားလ်စ် ပေးပို့တဲ့ စာအုပ်တွေနဲ့ စာတွေ လက်ခံရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အခု အောက်တိုဘာ ၂၂ ရက်နေ့ မိခင်နဲ့ သားဖြစ်သူတို့ ပထမဆုံးအကြိမ် ပြန်လည်စကားပြောခွင့်ရခဲ့တာဟာ ငါးနှစ်ကျော်ကြာ မိသားစုအဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပေမဲ့ ပုံမှန်မိသားစုဆက်သွယ်ခွင့်နဲ့ မိခင်လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုဖို့ လိုအပ်နေသေးကြောင်း ကိုထိန်လင်းက အလေးပေးထားပါတယ်။


ဓာတ်ပုံ — Myanmar Presidential Spokesperson/Facebook)
