| |

ဦးမင်းဇင်ကို တရုတ်က မတရားဖမ်းဆီးထားကြောင်း အမေရိကန် ကြေညာ

ဝါရှင်တန်—- အမေရိကန်နိုင်ငံသား မြန်မာ့အရေးသုတေသီ ဦးမင်းဇင်ကို တရုတ်နိုင်ငံမှာ “မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ” အဖြစ် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သတ်မှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဇွန်လ ၃ ရက်နေ့က ဦမင်းဇင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် အခုလို သတ်မှတ်လိုက်တာပါ။ ဒါအပြင် ဦးမင်းဇင်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဦးမင်းဇင်ဟာ Institute for Strategy and Policy-Myanmar (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ယူနန်လူမှုသိပ္ပံအကယ်ဒမီ (Yunnan Academy of Social Sciences) ရဲ့ ဖိတ်ကြားချက်နဲ့ ပညာရပ်ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ ကူမင်းမြို့ကို သွားခဲ့တာပါ။ တရုတ်ဘက်ကတော့ ဦးမင်းဇင်ကို သူလျှိုလုပ်ဆောင်ချက်အပါအ၀င် နိုင်ငံတော်လုံခြုံရေး ထိခိုက်စေတယ်ဆိုတဲ့ စွဲချက်တွေတင်ထားကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာမြောက် အကျိုးစီးပွားတွေနဲ့ ပတ်သက်လို့ ဦးမင်းဇင်နဲ့ သူ့အဖွဲ့အစည်း ISP-Myanmar တို့ သုတေသနလုပ်ပြီး စာတမ်းတွေ ထုတ်ဝေခဲ့တာပါ။ ဦးမင်းဇင် ဖမ်းဆီးခံရမှုဟာ မြန်မာစစ်အုပ်စုအပေါ် တရုတ်ရဲ့သြဇာ ကြီးထွားလာချိန် ဖြစ်သလို တဖက်မှာလည်း အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး တင်းမာနေချိန်လည်း ဖြစ်ပါတယ်။

ဦးမင်းဇင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ လေ့လာသုံးသပ်သူတွေကြား အမြင်ကွဲပြားနေပါတယ်။ တချို့က မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်လို့ ဦးမင်းဇင်ရဲ့ သုတေသနလုပ်ငန်းတွေကို ထောက်ပြကြသလို အခြားသူတွေကတော့ ပိုမိုကျယ်ပြန့်လာနေတဲ့ အမေရိကန်နဲ့ တရုတ် ကြား တင်းမာမှုတွေနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်တာတွေလည်းရှိပါတယ်။ ဦးမင်းဇင်အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်အထောက်အထားတွေကို တရုတ်အစိုးရဘက်က လူသိရှင်ကြားထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာဂလိုဘယ်လ်မီဒီယာ MGM Explainer က ဦးမင်းဇင်အမှုနဲ့ ပတ်သက်လို့ လက်ရှိသိထားတဲ့ အချက်အလက်တွေ၊ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေနဲ့ အဖြေမရသေးတဲ့ မေးခွန်းတွေကို စုစည်းတင်ပြထားပါတယ်။

Similar Posts