|

လာဇာရိုရဲ့ မြန်မာခရီးစဉ် — အကျပ်အတည်းဖြေရှင်းဖို့ လမ်းစလား၊ စစ်အုပ်စုအတွက် သံတမန်ရေးအမြတ်လား

အာဆီယံ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုရဲ့ မြန်မာခရီးစဉ်ဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ ပိုမိုရောက်ရှိဖို့အပြင် နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးမှာပါ လမ်းစဖော်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ရေးဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ထဲက အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးတဲ့ အဓိကအချက် ဖြစ်နေပါတယ်။

ဖိလစ်ပိုင်ဘက်က လူသားချင်းစာနာရေးအကူအညီ ပိုမိုပေးပို့နိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောထားတဲ့ ဒီခရီးစဉ်ဟာ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ပေါ်ပေါက်လာတာပါ။ မနီလာမြို့မှာ နိုဝင်ဘာလ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒါအပြင် ဒီခရီးစဉ်ဟာ လာဇာရိုအတွက် အာဆီယံ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယအကြိမ် မြန်မာနိုင်ငံကို လာရောက်တာပါ။ ပထမခရီးစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အဲဒီအချိန်က စစ်ကောင်စီ ဥက္ကဌ ဖြစ်ပြီး လက်ရှိ ကိုယ့်ကိုကိုယ်သမ္မတအဖြစ် ခန့်အပ်ထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အကူအညီပေးရေးကို ဦးစားပေးတဲ့ ခရီးစဉ်

လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်ကို ရောက်ရှိခဲ့ပြီး အဲဒီနေ့မှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ အကူအညီပစ္စည်းတွေ ဖြန့်ဝေတာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သူနဲ့အတူ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အာဆီယံ လူသားချင်းစာနာရေးအကူအညီပေးရေး ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေ ပါဝင်တဲ့ အာဆီယံစောင့်ကြည့်အဖွဲ့လည်း လိုက်ပါခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ ဖြန့်ဝေခဲ့ပါတယ်။ လာဇာရိုနဲ့အဖွဲ့ဟာ အဲဒီနေ့ညနေပိုင်းမှာ တောင်ကြီးကနေ နေပြည်တော်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ သတင်းတွေအရ ဒီခရီးစဉ်နဲ့အတူ စတင်တဲ့ အကူအညီပေးရေးအစီအစဉ်ဟာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက အိမ်ထောင်စု ၁၁,၀၀၀ ကျော်ဆီ နိုဝင်ဘာလမှာ နောက်ဆုံးထား ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် အရင်က AHA Centre အကူအညီမရောက်ခဲ့တဲ့ ဒေသတွေကိုလည်း ဦးစားပေးမယ်လို့လည်းဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမလား

လူသားချင်းစာနာထောက်ထားရေးအစီအစဉ်အပြင် လာဇာရိုက နေပြည်တော်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံပြီး ဘယ်လိုရလဒ်ရမလဲဆိုတာလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

ခရီးစဉ်မတိုင်ခင် သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားထားတဲ့ Thai PBS သတင်းအရ လာဇာရိုဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ လူသားချင်းစာနာရေးအကူအညီ ပိုမိုပေးပို့နိုင်ရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တော့ စီစဉ်ထားတာ မရှိဘူးလို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကတိတွေ အကောင်အထည်မပေါ်ခဲ့ကြောင်း ကင်မ်အဲရစ် ထောက်ပြ

မြန်မာစစ်တပ်နဲ့ နိုင်ငံတကာ ပြန်လည်ထိတွေ့ဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်ကတော့ အရင်အတွေ့အကြုံတွေကို ထောက်ပြပြီး စိုးရိမ်ကြောင်း ပြောထားပါတယ်။

“နိုင်ငံတချို့ဟာ အရင်ကတည်းက မြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံချင်ခဲ့ကြပြီး စတင်ဆက်ဆံလာကြပါတယ်။ ဒါပေမယ့် အဲဒီဆက်ဆံရေးတွေက အဓိပ္ပာယ်ရှိတဲ့ ရလဒ် မထွက်ခဲ့ပါဘူး။ စစ်တပ်က သူတို့လုပ်မယ်လို့ ပြောထားတာတွေကို အကောင်အထည်မဖော်ခဲ့ပါဘူး။ အခုလည်း အလားတူ ထပ်ဖြစ်လာမှာကို ကျနော် စိုးရိမ်ပါတယ်။ အချိန်မတန်သေးဘူးလို့ ကျနော် ထင်ပါတယ်” လို့ ကင်မ်အဲရစ်က မြန်မာဂလိုဘယ်မီဒီယာ (MGM) နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ထိတွေ့ဆက်ဆံရေးကနေ လက်တွေ့ရလဒ်ဆီ

အာဆီယံရဲ့ ၂၀၂၁ ခုနှစ် ဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးကြား ဆွေးနွေးရေး၊ အထူးကိုယ်စားလှယ်ကတဆင့် ကြားဝင်ညှိနှိုင်းရေး၊ လူသားချင်းစာနာရေးအကူအညီ ပေးအပ်ရေးနဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးကို တွေ့ဆုံနိုင်ရေးတို့ ပါဝင်ပါတယ်။

အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဘက်ကတော့ လက်ရှိခရီးစဉ်ကို အကူအညီလိုအပ်တဲ့ လူထုဆီ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းချက်အဖြစ် ရှင်းပြထားပါတယ်။

ဒါကြောင့် ဒီခရီးစဉ်ရဲ့ သက်ရောက်မှုကို အကဲဖြတ်ရာမှာ အကူအညီတွေ လိုအပ်သူတွေဆီ အမှန်တကယ် ပိုရောက်လာသလား၊ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်သလား၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ လက်တွေ့တိုးတက်လာသလားဆိုတဲ့ အချက်တွေနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ — Ministry of Foreign Affairs, Republic of The Union of Myanmar

Similar Posts