မြန်မာ့စစ်ပွဲ ဆက်ဖြစ်နေအောင် တရုတ် အဓိကပံ့ပိုးနေဟု ကုလကျွမ်းကျင်သူဆို
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကယ်လီ ကာရီရဲ့ ဝေဖန်ချက်တွေကို တရုတ်က ပယ်ချခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာ ပဋိပက္ခ တွေ ဆက်ဖြစ်အောင် အဓိကပံ့ပိုးနေသူဟာ တရုတ်ပဲ ဖြစ်တယ်ဆိုတဲ့ သူ့သုံးသပ်ချက်ကို ကာရီက ဆက်လက်ရပ်တည်ပြီး အဲဒီလို မဟုတ်ကြောင်း အထောက်အထားပြဖို့ တရုတ်အရာရှိတွေကို စိန်ခေါ်လိုက်ပါတယ်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ကြေညာထားတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ပြန်လည်ဖော်ဆောင်မယ့် ရက် ၁၀၀ စီမံချက်ကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေ ပိုပြီး ပြင်းထန်လာခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်၊ အင်္ဂါနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ တတိယကော်မတီမှာ ကာရီက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားတွေ ဒုက္ခရောက်နေရတဲ့ အဓိကအကြောင်းရင်းဟာ စစ်တပ်ဖြစ်တယ်လို့လည်း သူက ဝေဖန်ပါတယ်။
ကော်မတီရဲ့ အပြန်အလှန်ဆွေးနွေးပွဲအတွင်း တရုတ်ကိုယ်စားလှယ်က ကာရီရဲ့ ပြောဆိုချက်တွေကို ပယ်ချပြီး အများပြည်သူကို အထင်အမြင်လွဲမှားအောင် မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဒါအပြင် သဘောထားတင်းမာတာတွေ ပိုတိုးလာစေမယ့်အစား ကွဲလွဲချက်တွေကို ဖြေရှင်းနိုင်အောင် နိုင်ငံတကာအနေနဲ့ ကူညီသင့်တယ်လို့ တရုတ်ကိုယ်စားလှယ်က တုန့်ပြန်ပြောဆိုခဲ့တာပါ။
အောက်တိုဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က ပနားမား၊ ဆွစ်ဇာလန်နဲ့ ဩစတြေးလျနိုင်ငံတို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ ပံ့ပိုးတဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရက်သတ္တပတ်အတွင်း ကျင်းပတဲ့ “မြန်မာနိုင်ငံတွင် တရားမျှတရေးနှင့် တာဝန်ခံရေး” ဆွေးနွေးပွဲမှာ ကာရီက တရုတ်ရဲ့ ကန့်ကွက်ချက်ကို ထပ်မံတုံ့ပြန်ခဲ့ပါတယ်။
“တရုတ်ကိုယ်စားလှယ်အဖွဲ့က သူတို့အကြောင်း ကျမ မမှန်မကန် ပြောဆိုတယ်ဆိုပြီး ကန့်ကွက်တာကို ဆွေးနွေးပွဲကို တက်ရောက်လာသူတွေ ကြားခဲ့ကြမှာပါ” လို့ သူက ပြောပါတယ်။
တရုတ်ဘက်က ကန့်ကွက်တာက- မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဆက်ဖြစ်ဖို့ အဆုံးအဖြတ်ပေးနေတာဟာ တရုတ်ပဲလို့ သတ်မှတ်ပြောဆိုခဲ့တာကြောင့်ဖြစ်တယ်လို့ ကယ်ရီက ဆိုပါတယ်။
“လက်နက်ကိုင်ပဋိပက္ခကို ဆက်ဖြစ်နေစေတဲ့ အဓိကပံ့ပိုးသူဟာ သူတို့ မဟုတ်ဘူးဆိုတာ ပြနိုင်တဲ့ အချက်အလက်တွေ ကျမဆီ ပေးပါလို့ ဖိတ်ခေါ်ထားပါတယ်။” လို့ ကာရီက ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ အရပ်သားတွေ သေဆုံးနေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအစိုးရတွေဘက်မှာ တာဝန်ရှိနေပြီး သံတမန်ရေးအရဆိုပြီး ယဥ်ယဥ်ကျေးကျေးနဲ့ သက်ညှာပြောဆိုပြီး ဖုံးကွယ်ထားတာမျိုး မဖြစ်သင့်ဘူးလို့ ကာရီက ဆိုပါတယ်။
ငွေကြေးလမ်းကြောင်းတွေကို ခြေရာခံမယ်
တရားမဝင် ငွေကြေးစီးဆင်းရာ လမ်းကြောင်းတွေကို ခြေရာခံဖော်ထုတ်ဖို့ အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ကာရီက ပြောပါတယ်။ ဒီငွေကြေးတွေဟာ စစ်အုပ်စုက သူတို့ ရပ်တည်နေနိုင်ဖို့၊ လက်နက်ဝယ်ယူဖို့နဲ့ ကိုယ့်ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အသုံးချနေတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးယိုယွင်းကျဆင်းနေချိန်မှာပဲ အဲဒီငွေကြေးတွေဟာ စစ်အုပ်ချုပ်ရေးကို ကျားကန်ပေးနေပြီး အပြန်အလှန် အကျိုးစီးပွားဖလှယ်တဲ့ ကွန်ရက်တွေနဲ့ ခရိုနီကွန်ရက်တွေကိုလည်း ဆက်လက်ထောက်ပံ့နေတယ်လို့ သူက ဆိုပါတယ်။
ဒေသတွင်း ကျော်လွန်လာတဲ့ အကျပ်အတည်း
မြန်မာ့အကျပ်အတည်းကို အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက အဓိက ကိုင်တွယ်ရမယ့် ပြဿနာအဖြစ်သာ ဆက်မထားသင့်တော့ဘဲ နိုင်ငံတကာအနေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ဖို့ ကာရီက တိုက်တွန်းပါတယ်။
အွန်လိုင်းငွေလိမ်စင်တာတွေဆီကို လူကုန်ကူးတာ၊ အဓမ္မအလုပ်ခိုင်းစေတာနဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင်စီးပွားရေးတွေကြောင့် အရှေ့တောင်အာရှပြင်ပက လူတွေနဲ့ ငွေကြေးကွန်ရက်တွေပါ ဒီအကျပ်အတည်းနဲ့ ဆက်စပ်လာနေတယ်လို့ သူက ထောက်ပြပါတယ်။
အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေက လူတွေ မြန်မာနိုင်ငံထဲ လူကုန်ကူးခံနေရတာနဲ့ တရားမဝင်စီးပွားရေးတွေ အရှေ့အလယ်ပိုင်းဒေသနဲ့ ချိတ်ဆက်နေတာတွေကို သူက ဥပမာပေးပါတယ်။ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့်လည်း ကမ္ဘာတဝန်းက လူတွေ နစ်နာနေကြရပါတယ်။
“ဒါဟာ ဒေသတွင်းပြဿနာတခုတည်း မဟုတ်ပါဘူး” လို့ ကာရီက ပြောပါတယ်။
အရပ်သားတွေကို ကာကွယ်ဖို့၊ အမျိုးသမီးအဖွဲ့တွေကို ပံ့ပိုးပါ
စစ်တပ်ရဲ့ ငွေကြေးကွန်ရက်တွေကို ဖိအားပေးဖို့အပြင် အရပ်သားတွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးဖို့လည်း ကာရီက အလေးထားပြောဆိုပါတယ်။
ကြိုတင်သတိပေးစနစ်တွေ၊ ပဋိပက္ခနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတာ၊ စစ်ကြားက ကလေးတွေ ပညာသင်ကြားနိုင်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ချက်တွေကို မှတ်တမ်းတင်တာတွေကို သူက ထောက်ပြပါတယ်။
ဒီအဖွဲ့အစည်းတွေဟာ ကိုယ့်လူထုကို ကာကွယ်ပေးဖို့အတွက်ရော၊ သူနဲ့ တခြားလူ့အခွင့်အရေးကျွမ်းကျင်သူတွေ အားထားနေရတဲ့ အထောက်အထားတွေကို ဆက်လက်စုဆောင်းနိုင်ဖို့အတွက်ပါ အရင်းအမြစ်တွေ လိုအပ်နေတယ်လို့ ကာရီက ပြောပါတယ်။
အထူးသဖြင့် အမျိုးသမီးအဖွဲ့အစည်းတွေဟာ မြေပြင်အခြေအနေကို နားလည်ရာမှာ၊ လူထုကို စုစည်းရာမှာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးကို ရှေ့ဆက်ဖော်ဆောင်ရာမှာ တခြားအဖွဲ့တွေထက် ရှေ့ရောက်နေတတ်တယ်လို့ သူက ဆိုပါတယ်။
ဒါအပြင် ပဋိပက္ခနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်တာတွေအတွက် တာဝန်ခံဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာလည်း သက်ရောက်ရမယ်လို့ ကယ်ရီက အလေးပေးပြောကြားသွားပါတယ်။
