ငြိမ်းချမ်းရေးစကားနဲ့ လေကြောင်း ဗုံးကြဲသံကြားက မြန်မာ့နိုင်ငံရေး
နောင်လူသစ် | သတင်းသုံးသပ်ချက်
မြန်မာနိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်လက်ရှိနေချိန်မှာ စစ်တပ်ခန့်အစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်က ဒီမိုကရေစီကို လိုလားသူတွေအနေနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့သာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
“ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနဲ့သာ သွားရမှာ” လို့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
အဲဒီမိန့်ခွန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြန်လည်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သလို လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ CNF နဲ့ ABSDF တို့က ဒီဖိတ်ခေါ်ချက်ကို ပယ်ချခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်နေ့မှာ RFA မြန်မာပိုင်းကို အသီးသီး တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။ Myanmar Global Media ကလည်း KNU ရဲ့ သဘောထားကို သိရှိနိုင်ဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဒီသတင်းရေးသားချိန်အထိ တုံ့ပြန်ချက် မရရှိသေးပါဘူး။ ဒီနှစ်ဧပြီလမှာ စစ်အုပ်စုက ရက် ၁၀၀ ငြိမ်းချမ်းရေး ဆိုတဲ့ ဖိတ်ခေါ်ချက်ကိုတော့ KNU ဘက်က ပယ်ချထားတာပါ။
၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တဲ့ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ အကြီးအကျယ် ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ဆက်လက်အကောင်အထည်ဖော်နိုင်ဦးမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အထူးသဖြင့် NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF နဲ့ ABSDF တို့လို အဖွဲ့အစည်းတွေကို ဆွေးနွေးပွဲပြန်လည်တက်ရောက်ဖို့ ဖိတ်ခေါ်နေပေမဲ့ အဓိကပါဝင်သင့်တဲ့ အဖွဲ့အစည်းအချို့က ဖိတ်ခေါ်ချက်ကို ပယ်ချနေခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရှိနေတဲ့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ထင်ဟပ်နေပါတယ်။
တဖက်မှာလည်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားက ဆန့်ကျင်ဘက်အခြေအနေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါတဲ့ မေးခွန်းတရပ် ဖြစ်နေပါတယ်။
