| | |

ဘုရင်ချားလ်စ်ရဲ့ လက်ဆောင်ကို စစ်အုပ်စုက နိုင်ငံတကာအသိ အမှတ်ပြုခံရဖို့ အသုံးမချသင့်

ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) ပေးပို့တဲ့ လက်ဆောင်တွေကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိနေတဲ့ ရှားရှားပါးပါး ဓာတ်ပုံတွေကို စစ်အုပ်စုက အသုံးချပြီး အခြေအနေတွေ ပုံမှန်ဖြစ်နေသယောင်၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိနေသယောင် ဖန်တီးတာမျိုး မဖြစ်သင့်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က သတိပေးပြောဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်ရဲ့ သဘောထားကို မြန်မာဂလိုဘယ်မီဒီယာ (MGM) က တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ 

ကင်မ်အဲရစ်က ဗြိတိန်ဘုရင်ရဲ့ လက်ဆောင်ပေးပို့မှုကို ကြိုဆိုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပေမဲ့ သူ့မိခင်ရဲ့ အခြေခံလူ့အခွင့်အရေးတွေဟာ အခုအချိန်အထိ ချိုးဖောက်ခံနေရဆဲဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ကျနော့်အမေကို ဘုရင်ချားလ်စ်က အခုထိ သတိတရရှိနေပြီး စာအုပ်တွေ ပေးပို့ခဲ့တာကို သိရတဲ့အတွက် ကျနော့်အနေနဲ့ စိတ်သက်သာရာရပါတယ်။ ဘုရင်ကြီးရဲ့ ဒီလိုဂရုတစိုက် ဆောင်ရွက်ပေးမှုကိုလည်း တကယ်ပဲ ကျေးဇူးတင်ပါတယ်။”

“ဒါပေမဲ့ စစ်အုပ်စုက သူတို့ရွေးချယ်ထားတဲ့ အချက်အလက်တချို့ကိုပဲ ထုတ်ပြပြီး အခြေအနေအားလုံး ပုံမှန်ဖြစ်နေသလို၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိနေသလို ဖန်တီးနေတာမျိုးကို ကျနော်တို့ လက်မခံသင့်ပါဘူး။ ကျနော့်အမေရဲ့ အခြေခံလူ့အခွင့်အရေးတွေဟာ အခုအချိန်အထိ ချိုးဖောက်ခံနေရဆဲပါ” လို့ ကင်မ်အဲရစ်က MGM ကို ပေးပို့တဲ့ သဘောထားထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ သမ္မတပြောရေးဆိုခွင့်ရှိသူရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဘုရင်ချားလ်စ် ပေးပို့တယ်လို့ ဆိုတဲ့ စာအုပ်နှစ်အုပ်နဲ့ စာတွေ လက်ခံရရှိနေတဲ့ ဓာတ်ပုံတွေ ထုတ်ပြန်ခဲ့တာပါ။ 

ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူ ရှားရှားပါးပါး ပြန်လည်မြင်တွေ့ရတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ သူရဲ့ ကျန်းမာရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေကိုလည်း ပြင်ပကနေ လွတ်လပ်စွာ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပေမဲ့ မိသားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရသေးသလို ကျန်းမာရေးနဲ့ နေထိုင်မှုအခြေအနေတွေကိုလည်း သီးခြားအတည်ပြုထားတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ မရရှိသေးဘူးလို့ ကင်မ်အဲရစ်က ပြောပါတယ်။

“ကျနော့်အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးပါ။ နိုင်ငံရေးအရ စွပ်စွဲထားတဲ့ အမှုတွေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရပါတယ်။ မိသားစုနဲ့လည်း ပုံမှန်ဆက်သွယ်ခွင့် မရသလို လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ခံယူခွင့်လည်း မရှိပါဘူး။”

“အခုလို ဖြစ်ပေါ်တိုးတက်မှုတချို့ ရှိလာတယ်ဆိုပေမဲ့ ကျနော်တို့ မိသားစုဟာ အမေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရသေးပါဘူး။ အမေရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုအခြေအနေကို ယုံကြည်စိတ်ချရပြီး သီးခြားအတည်ပြုထားတဲ့ သတင်းအချက်အလက်တွေလည်း မရရှိသေးပါဘူး” လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်ကိုလည်း ကင်မ်အဲရစ်က တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။

“ဦးမင်းအောင်လှိုင်မှာ ကျနော့်အမေရဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးနိုင်တဲ့ အာဏာရှိပါတယ်။ ဒါပေမဲ့ သူဟာ အမေ့ကို လွတ်လပ်ခွင့်မပေးဘဲ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ဆိုတဲ့ အခြေခံအကျဆုံး အခွင့်အရေးကိုတောင် ဆက်လက်ပိတ်ပင်ထားပါတယ်။ စနစ်တကျ စီစဉ်ဖန်တီးထားတဲ့ လူသိရှင်ကြားပြသမှုတွေ ဘယ်လောက်ပဲလုပ်လုပ် ဒီလိုလုပ်ရပ်တွေကို တရားမျှတတယ်လို့ ပြောလို့မရပါဘူး” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၁၈ နှစ်ကို ကျခံနေရပါတယ်။ အာဏာသိမ်း စစ်တပ်က သူ့အပေါ်စွဲဆိုထားတဲ့ အမှုတွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ စွဲဆိုထားတာဖြစ်တယ်လို့ ထောက်ခံသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားကြပါတယ်။

ကင်မ်အဲရစ်က ဘုရင်ချားလ်စ်ရဲ့ လက်ဆောင်ပေးပို့ချက်ကို သူ့မိခင် လွတ်မြောက်ရေးအတွက် အမှန်တကယ် တိုးတက်မှုတခုလို မယူဆကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း တိုက်တွန်းထားပါတယ်။

“ဘုရင်ကြီးရဲ့ ဒီလိုဂရုတစိုက် ဆောင်ရွက်ပေးမှုက ကျနော်အမေရဲ့ အခြေအနေဟာ အခုထိ မဖြေရှင်းနိုင်သေးဘူးဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေ သတိပြုမိစေဖို့လည်း မျှော်လင့်ပါတယ်။”

“ဦးမင်းအောင်လှိုင်နဲ့ ဆက်ဆံနေတဲ့ အစိုးရအားလုံးကို ကျနော်တိုက်တွန်းချင်တာက လူသားချင်းစာနာမှုဆိုင်ရာ အမှန်တကယ် တိုးတက်ပြောင်းလဲမှုတွေ ရရှိဖို့ တောင်းဆိုကြပါ။ မိသားစုနဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူခွင့်နဲ့ အမေ့ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့၊ တခြားနိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြပါ” လို့ ကင်မ်အဲရစ်က ပြောပါတယ်။

ကင်မ်အဲရစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ချက်နိုင်ငံ ပရာ့ဂ်မြို့မှာ MGM နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့စဉ်ကလည်း ဦးမင်းအောင်လှိုင်အနေနဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေ ရပ်တန့်ပြီး သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုနောက်ဆုံး ပေးပို့လာတဲ့ သဘောထားထုတ်ပြန်ချက်မှာလည်း စစ်အုပ်စုက စီစဉ်ထုတ်ပြန်တဲ့ ဓာတ်ပုံတွေနဲ့ လူသိရှင်ကြားပြသမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေ တကယ်တိုးတက်ကောင်းမွန်လာပြီလို့ မယူဆသင့်ကြောင်း ကင်မ်အဲရစ်က ထပ်မံသတိပေးထားပါတယ်။

Similar Posts