စစ်တပ် ထိန်းချုပ်မထားတဲ့ နယ်မြေတွေမှာ အကူအညီပေးဖို့၊ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
PRAGUE, Czech Republic — မြန်မာနိုင်ငံမှာ အရပ်သားတွေကို ကာကွယ်ဖို့ ကုလသမဂ္ဂအနေနဲ့ စစ်တပ်ထိန်းချုပ်မှုကင်းတဲ့ နေရာတွေမှာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Kelley Currie က ပြောကြားလိုက်ပါတယ်။
မြန်မာပြည်သူတွေအတွက် ကုလသမဂ္ဂက လုပ်ဆောင်နိုင်တဲ့ အရာတွေရှိပေမဲ့ မလုပ်ဆောင်ဖြစ်တဲ့ အခြေအနေတွကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
အဲဒီထဲက တခုကတော့ စစ်တပ်ထိန်းချုပ်မှုကင်းတဲ့ နေရာတွေမှာ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းကြောင်းတွေကနေ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေက အသက်ကယ်အကူအညီတွေ ပေးပို့နိုင်တယ်လို့ Currie ကဆိုပါတယ်။
“နယ်စပ်ဖြတ်ကျော်အကူအညီတွေ ပေးရာမှာ ပိုပြီး လိုက်လျောညီထွေရှိဖို့၊ စစ်တပ်ထိန်းချုပ်မထားတဲ့ လမ်းကြောင်းတွေကနေ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒီလိုအကူအညီတွေ ပိုမိုရောက်ရှိနိုင်ရေးကို သူ့အနေနဲ့ အဓိကထား ကြိုးပမ်းနေတယ်လို့လည်း Currie ကဆိုပါတယ်။
လက်နက်ပိတ်ပင်ရေးမှာ နိုင်ငံရေးသတ္တိလိုအပ်
အရပ်သားပြည်သူတွေကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကို ရပ်တန့်အောင် ကုလသမဂ္ဂဘက်က ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတဲ့ မေးခွန်းကို Currie က ဖြေကြားရာမှာ- မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချတာတွေ ပိတ်ပင်ဖို့ Currie က ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လက်နက်ပိတ်ပင်မှု ချမှတ်ဖို့ ဆုံးဖြတ်ချက်တရပ် လိုအပ်ပြီး ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာနဲ့ ပယ်ချတာမလုပ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အတားအဆီးက ရုရှားနဲ့ တရုတ်တို့ရဲ့ ရပ်တည်ချက်တခုတည်းမဟုတ်ပဲ လက်နက်ပိတ်ပင်တာကို လိုလားတဲ့ နိုင်ငံတွေကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းဖို့ သတ္တိရှိရမယ်လို့ Currie က ထောက်ပြပါတယ်။
အခုအချိန်အထိ ဒီနိုင်ငံတွေဘက်က မူကြမ်းတင်သွင်းပြီး ရုရှားနဲ့ တရုတ်တို့ ဗီတိုသုံးမသုံး ဆုံးဖြတ်မယ့် အခြေအနေကို ဖန်တီးဖို့တောင် မလိုလားကြသေးဘူးလို့ သူက ဝေဖန်ခဲ့ပါတယ်။
အလုပ်များလို့ ခရီးစဉ်လက်မခံနိုင်ကြောင်း စစ်တပ်ဘက်က ပြန်ကြား
မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်ရဖို့ စစ်တပ်ခန့်အပ်တဲ့ အစိုးရဘက်ကို တောင်းဆိုထားပေမဲ့ ဒီနှစ်မှာ အလုပ်များနေတာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ခရီးစဉ်ကို လက်မခံနိုင်ဘူးလို့ ပြန်ကြားခဲ့ကြောင်း Currie က ပြောပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မံတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အာဏာသိမ်းတာကို လက်မခံတဲ့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ဆက်သွယ်ပြောဆိုထားတယ်လို့ Currie က ပြောပါတယ်။
လွတ်မြောက်နယ်မြေတွေကိုလည်း သွားရောက်ဖို့ မျှော်လင့်ထားပေမဲ့ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေအပြင် နယ်စပ်တဖက်က နိုင်ငံရဲ့ ခွင့်ပြုချက်ပါ လိုအပ်တာကြောင့် ခရီးစဥ်က ခက်ခဲမယ့်အကြောင်း သူက ရှင်းပြပါတယ်။
ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် မေလ ၁ ရက်မှာ တာဝန်စတင်ယူပြီးနောက် မြန်မာနိုင်ငံအတွင်း အရပ်သားတွေ ကာကွယ်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ မှတ်တမ်းတင်နေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့လည်း Currie က ပြောပါတယ်။
အခြေခံမူတွေကို လျစ်လျူရှုပြီး စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတဲ့နည်းလမ်း ဆန့်ကျင်သွားမယ်
မြန်မာပြည်သူတွေအတွက် သူ့ရဲ့ သတင်းစကားကတော့ “သင်တို့ကို မေ့ထားတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
မြန်မာ့လူ့အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းနေသူတွေ နိုင်ငံတကာမှာ ရှိနေဆဲဖြစ်ပြီး အခြေခံမူတွေကို လျစ်လျူရှုပြီး စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတဲ့လမ်းကြောင်းကိုလည်း ဆန့်ကျင်သွားဖို့ ကြိုးပမ်းနေတယ်လို့ Currie က မြန်မာဂလိုဘယ်မီဒီယာကို ပြောပါတယ်။
ချက်သမ္မတနိုင်ငံ ပရက်မြို့မှာ အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အကြိမ် ၃၀ မြောက် Forum 2000 နိုင်ငံတကာညီလာခံကို တက်ရောက်လာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Kelley Currie ကို မြန်မာဂလိုဘယ်မီဒီယာက သီးသန့်တွေ့ဆုံမေးမြန်းထားတာပါ။
