| |

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် — ICJ က အမိန့်ချလာရင် မြန်မာဘက်က လိုက်နာဖို့ ဘာလိုမလဲ

တရားရုံးအမိန့်တွေကို လိုက်နာစေဖို့ နိုင်ငံတကာဖိအား လိုမယ်လို့ IIMM အကြီးအကဲ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသလားဆိုတာ နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်မှာပါ။ ဒီအမှုဟာ မြန်မာနိုင်ငံကို တာဝန်ခံစေဖို့ အရေးကြီးတဲ့ အဆင့်တခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က MGM ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ICJ က ဆုံးဖြတ်ရင် “ဘယ်လို ကုစားပေးသင့်သလဲ၊ အဲဒီချိုးဖောက်မှုအတွက် ဘာအမိန့်တွေ ချမှတ်မလဲဆိုတာ တရားသူကြီးတွေကပဲ ဆုံးဖြတ်ရမှာပါ” လို့ ကုမ်ဂျန်က ပြောပါတယ်။

ကုမ်ဂျန် အခုလို ပြောခဲ့တဲ့ “မြန်မာနိုင်ငံတွင် တရားမျှတရေးနှင့် တာဝန်ခံရေး” ဆွေးနွေးပွဲကို အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရက်သီတင်းပတ်အတွင်း အောက်တိုဘာ ၂၈ ရက်က နယူးယောက်က ဩစတြေးလျ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကျင်းပခဲ့တာပါ။ ပနားမား၊ ဆွစ်ဇာလန်နဲ့ ဩစတြေးလျတို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေကလည်း ဒီဆွေးနွေးပွဲကို ပံ့ပိုးခဲ့ပါတယ်။ 

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ကိုင်တွယ်တဲ့ အမှုတွေမှာတော့ လူတဦးချင်းစီရဲ့ ရာဇဝတ်ကြောင်းအရ တာဝန်ရှိမရှိကို စစ်ဆေးတာဖြစ်တယ်လို့ ကုမ်ဂျန်က ရှင်းပြပါတယ်။

ဂမ်ဘီယာဘက်က အနိုင်ရရင်တောင် စီရင်ချက်တခုတည်းနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မှာ မဟုတ်ဘူးလို့ ကုမ်ဂျန်က သတိပေးပါတယ်။ စစ်ခေါင်းဆောင်တွေက နေရပ်ပြန်ခွင့်ပေးဖို့၊ ပိုင်ဆိုင်မှုတွေ ပြန်ပေးဖို့နဲ့ လျော်ကြေးပေးဖို့ လက်ခံလာမယ်လို့ သူက မမျှော်လင့်ပါဘူး။ “ဒီစီရင်ချက်ကို အကောင်အထည်ဖော်ရမယ်၊ လေးစားလိုက်နာရမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဖို့ လိုပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ICJ က ဘာကို ဆုံးဖြတ်မလဲ

ICJ က ဂမ်ဘီယာနဲ့ မြန်မာအမှုမှာ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ ရှိတဲ့ တာဝန်တွေကို ချိုးဖောက်ခဲ့သလားဆိုတာ နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချဖို့ စီစဉ်ထားပါတယ်။ 

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ ဂမ်ဘီယာက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်မှာ ICJ မှာ တရားစွဲခဲ့ပါတယ်။ 

စစ်အုပ်စု နဲ့ NUG ရဲ့ ရပ်တည်ချက်

ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အာဏာသိမ်းသမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ ဥပဒေကြောင်းအရရော၊ အချက်အလက်အရပါ အခြေအမြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေကို လုံခြုံစွာ နေရပ်ပြန်ခွင့်ပေးဖို့နဲ့ ဆုံးရှုံးနစ်နာခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ အပါအဝင် ဂမ်ဘီယာက တောင်းဆိုထားတဲ့ အစီအမံတွေကိုပါ ပယ်ချဖို့ သူက လျှောက်လဲခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ICJ ရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံပြီး တရားရုံးအမိန့်တွေကို အကောင်အထည်ဖော်ဖို့ အသင့်ရှိတယ်လို့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာ ၅ ရက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ICJ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးနဲ့ ဒုက္ခသည်တွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် လမ်းဖွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။ NUG ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အစိုးရဖြစ်ပြီး တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

IIMM ရဲ့ အခန်းကဏ္ဍ

IIMM က မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို စုဆောင်း၊ ထိန်းသိမ်း၊ စိစစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်၊ ဂြိုဟ်တုဓာတ်ပုံနဲ့ လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေကို အသုံးပြုပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားနဲ့ သုံးသပ်ချက်တွေကို သတင်းအချက်အလက် ပေးသူတွေရဲ့ သဘောတူညီချက်နဲ့ ICJ အမှုမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်စလုံးကို မျှဝေထားတယ်လို့ IIMM က ပြောပါတယ်။

Similar Posts