| | |

ICJ တရားရုံးက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုမှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်လိုက်ပါတယ်။

တရားသူကြီး၏ နောက်ဆုံးဖတ်ကြားချက်မှ အရေးကြီးသော အချက်များ

၁။ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း ICJ ဆုံးဖြတ်

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များရဲ့ လုပ်ရပ်တွေကို အထောက်အထားအားလုံးနဲ့ ပေါင်းစပ်သုံးသပ်ရာမှာ ရိုဟင်ဂျာလူမျိုးစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

တရားရုံးအနေနဲ့ အထောက်အထားအားလုံးကို သုံးသပ်ပြီးနောက် မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေကို ရှင်းပြနိုင်တဲ့ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ဟာ ရိုဟင်ဂျာလူမျိုးစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိခဲ့ခြင်းဖြစ်တယ် လို့ သတ်မှတ်ခဲ့ပါတယ်။

၂။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အပိုဒ် ၂ (က)၊ (ခ) နှင့် (ဃ) ပါ လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်

မြန်မာလုံခြုံရေးတပ်ဖွဲ့များဟာ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်နဲ့—

– ရိုဟင်ဂျာလူမျိုးစုဝင်များကို သတ်ဖြတ်ခြင်း။

– ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်စေခြင်း။

– လူမျိုးစုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန် ရည်ရွယ်တဲ့ အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း။

စတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြောင်း တရားရုံးက အခိုင်အမာ ဆုံးဖြတ်ခဲ့ပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အပိုဒ် ၁ နဲ့ အပိုဒ် ၃ (က) ပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့ပါတယ်။

၃။ သောင်းကျန်းမှုနှိမ်နင်းရေးဆိုသည့် မြန်မာဘက်၏ ခုခံချေပချက်ကို ICJ ပယ်ချ

မြန်မာဘက်က ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေဟာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးတွေဖြစ်ကြောင်း ခုခံချေပခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသားနဲ့ ယောက်ျားလေးတွေကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ကလေးငယ်နဲ့ မွေးကင်းစကလေးတွေကို ပစ်မှတ်ထားခြင်း၊ ကျေးရွာတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း၊ ထွက်ပြေးနေတဲ့ အရပ်သားတွေကို တိုက်ခိုက်ခြင်းတို့ဟာ သောင်းကျန်းမှုနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ မကိုက်ညီကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၄။ အတင်းအကျပ် နေရပ်စွန့်ခွာစေရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရှင်းပြ၍ မရကြောင်း ICJ သတ်မှတ်

ရိုဟင်ဂျာတွေကို နေရပ်စွန့်ခွာစေဖို့သာ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း မြန်မာဘက်ရဲ့ ခုခံချေပချက်ကိုလည်း တရားရုံးက လက်မခံခဲ့ပါဘူး။

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေချိန်မှာတောင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေရှိတဲ့အတွက် နေရပ်ကနေ အတင်းအကျပ် ရွှေ့ပြောင်းစေဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အဆိုပါလုပ်ရပ်တွေကို ရှင်းပြလို့မရကြောင်း တရားရုံးက သုံးသပ်ခဲ့ပါတယ်။

၅။ ရိုဟင်ဂျာများကို အပြစ်ပေးရန် ရည်ရွယ်ချက်ရှိခဲ့သည်ဆိုသည့် ခုခံချေပချက်ကိုလည်း ပယ်ချ

ARSA ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရိုဟင်ဂျာလူထုကို အပြစ်ပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်ကြောင်း မြန်မာဘက်ရဲ့ ခုခံချေပချက်ကိုလည်း ICJ က လက်မခံခဲ့ပါဘူး။

စစ်ဆင်ရေးတွေရဲ့ အတိုင်းအတာ၊ အကြမ်းဖက်မှုသဘောသဘာဝနဲ့ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေဟာ လူထုကို အပြစ်ပေးဖို့ လိုအပ်တဲ့ အတိုင်းအတာထက် များစွာကျော်လွန်နေပြီး လူမျိုးစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိခဲ့တဲ့ လက္ခဏာတွေ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၆။ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန် ပျက်ကွက်မှုဆိုင်ရာ တာဝန်ကို ဆက်လက်စိစစ်

မြန်မာလုံခြုံရေးတပ်ဖွဲ့များနဲ့အတူ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားအချို့ကလည်း သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုတွေမှာ ပါဝင်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

အဆိုပါ အရပ်သားများရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တိုက်ရိုက်ညွှန်ကြားမှု သို့မဟုတ် ထိန်းချုပ်မှုအောက်မှာ ရှိ၊ မရှိနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန် တာဝန်ပျက်ကွက်ခဲ့ခြင်း ရှိ၊ မရှိကို တရားရုံးက ဆက်လက်စိစစ်နေပါတယ်။

Similar Posts