| | |

မြန်မာ့ငြိမ်းချမ်းရေးကို မြေရှားရရှိရေးနဲ့ ချိတ်ဆက်ထားတဲ့ အမေရိကန်မဟာဗျူဟာ

ဝါရှင်တန် — အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကို မြေရှားသယံဇာတ ရရှိနိုင်ရေးနဲ့ ချိတ်ဆက်ထားပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ကုန်သွယ်ရေးတိုးချဲ့ရေးနဲ့ ဒေသတွင်းဩဇာ မြှင့်တင်ရေးတို့ကို ဦးစားပေးထားပါတယ်။

U.S. Mission to Burma ရဲ့ ပေါင်းစည်းမဟာဗျူဟာ (Integrated Country Strategy—ICS) ကို ဩဂုတ် ၃၁ ရက်မှာ အတည်ပြုပြီး အောက်တိုဘာ ၁၆ ရက်မှာ နိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုက်ပေါ် ထုတ်ပြန်ခဲ့ကြောင်း ဌာနပြောခွင့်ရသူကို ကိုးကားပြီး Reuters က နိုဝင်ဘာ ၂ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အကျိုးအမြတ်

စာတမ်းအရ အမေရိကန်သံတမန်အဖွဲ့အနေနဲ့ ၂၀၃၀ ပြည့်နှစ်အမီ ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ဆီ ဦးတည်နိုင်မယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ အားပေးကူညီသွားမယ်လို့ ဖေါ်ပြထားပါတယ်။

ဘဏ္ဍာရေးဖက်ဒရယ်စနစ်နဲ့ နယ်မြေနယ်နိမိတ် သတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ဒါမှမဟုတ် မူဝါဒအဆိုပြုချက်တွေ ထွက်ပေါ်လာဖို့ သက်ဆိုင်သူအစုအဖွဲ့စုံ ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ် ဖြစ်မြောက်ရေးကိုလည်း ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်တွေက မြန်မာ့မြေရှားသယံဇာတတွေကို လက်လှမ်းမီရေးနဲ့ အွန်လိုင်းငွေလိမ်စခန်းတွေ တိုက်ဖျက်ရေးအတွက် အခွင့်အလမ်း ဖန်တီးပေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ကုန်သွယ်ရေးမှာတော့ အမေရိကန်ကုမ္ပဏီတွေအတွက် ကုမ္ပဏီတခုချင်းစီအလိုက် ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိတဲ့ ကုန်သွယ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိဖို့ ရည်ရွယ်ထားကြောင်း ရေးသားထားပါတယ်။

ဘိုင်ဒန်လက်ထက်နဲ့ ကွာခြားလာတဲ့ ချဉ်းကပ်မှု

၂၀၂၁ အာဏာသိမ်းပြီးနောက် ဘိုင်ဒန်အစိုးရက ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးကို အလေးထားခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ဝင်ငွေနဲ့ လက်နက်ရရှိရေးလမ်းကြောင်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့သလို ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ထောက်ခံခဲ့ပါတယ်။

ထရမ့်အစိုးရရဲ့ လက်ရှိချဉ်းကပ်မှုမှာတော့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်ကွန်ရက်တွေ ဖြိုခွင်းရေးနဲ့ စီးပွားရေးအခွင့်အလမ်း ရရှိရေးကို ပိုမိုထင်ရှားစွာ ရှေ့တန်းတင်လာပါတယ်။

အမေရိကန်တာဝန်ရှိသူတွေက စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးလာကြောင်း Reuters က ဖော်ပြထားပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေကို သီးခြားဖယ်ကြဉ်ဖိအားပေးခဲ့တဲ့ မူဝါဒကနေ အပြောင်းအလဲတရပ် ဖြစ်ပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးရေးကို ကြိုဆိုကြောင်း Reuters ကို ပြောပါတယ်။ အွန်လိုင်းငွေလိမ်စခန်းတွေ ဖြေရှင်းရေး၊ အမေရိကန်လုပ်ငန်းတွေအတွက် လုပ်ကိုင်နိုင်မယ့် အခြေအနေကောင်းမွန်ရေးနဲ့ နိုင်ငံတည်ငြိမ်စေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်ဆောက်ရေးတို့ကို အဓိကထားတယ်လို့ ဆိုပါတယ်။

ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းရဲ့ အမြင်

ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် LA2M လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းရွှေက နယ်မြေနဲ့ သယံဇာတ ထိန်းချုပ်ထားနိုင်တဲ့ အင်အားစုတွေအတွက် အခုအခြေအနေဟာ နိုင်ငံရေးညှိနှိုင်းနိုင်စွမ်းကို အသုံးချရမယ့် အခွင့်အလမ်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒါဟာ တော်လှန်ရေး အင်အားစုတွေအတွက် သံတမန်ရေးအရ အရေးပါတဲ့ အသာစီးရမှု (Leverage) တခု ဖြစ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သုံးသပ်ချက်အဖြစ် ရေးသားထားပါတယ်။

စာတမ်းမှာ အမေရိကန်ကနေ မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးအတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးလည်း ပါဝင်ပါတယ်။ ပြန်ပို့ခံရသူတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း ဦးဂျိမ်းရွှေက ဖော်ပြပြီး အမေရိကန်လွှတ်တော်အမတ်တွေထံ တင်ပြကြဖို့ တိုက်တွန်းထားပါတယ်။ 

တဖက်မှာလည်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆက်စပ်သူတွေအပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုတွေ ဆက်ရှိနေတာပါ။ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဖို့အတွက် အဲဒီပိတ်ဆို့မှုတွေနဲ့ ဥပဒေလိုက်နာရေးဆိုင်ရာ အတားအဆီးတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ စာတမ်းမှာ မရှင်းလင်းသေးပါဘူး။

ဒီမဟာဗျူဟာဟာ အမေရိကန်သံတမန်အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ဖော်ပြတာဖြစ်ပြီး ငြိမ်းချမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် မြေရှားရယူရေး သဘောတူညီချက်တွေ ရရှိပြီးဖြစ်ကြောင်း ကြေညာထားတာ မဟုတ်ပါဘူး။

Similar Posts