၂၀၂၅ နိုဝင်ဘာကစပြီး လစာယူတာ ရပ်ထားဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေရဲ့အသံကို ဆက်လက်ထုတ်ဖော်ပေးနိုင်ဖို့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ အသုံးစရိတ်တွေကို စိစစ်ချွေတာနေပြီး၊ သူ့လစာကိုလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ထုတ်ယူတာ ရပ်ထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာဂလိုဘယ်မီဒီယာ MGM ကို ပြောထားပါတယ်။
“ကျနော် အမြဲတမ်းကိုယ်စားလှယ်တယောက် ထုတ်ရမယ့်လစာကိုလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ ထုတ်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။ အဲဒီနောက် ရုံးရေရှည်လည်ပတ်နိုင်ရေးအတွက် “ဒီလစာကအစ ကျွန်တော် ရပ်ပစ်လိုက်တာမျိုး ရှိပါတယ်” လို့ ဆိုပါတယ်။
နယူးယောက်မြို့မှာ စက်တင်ဘာ ၁၉ ရက်က MGM နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဦးကျော်မိုးထွန်းက အဖွဲ့ရုံးရဲ့ အသုံးစရိတ်နဲ့ လစာထုတ်ယူတာ ရပ်ထားတဲ့အကြောင်း ရှင်းပြခဲ့တာပါ။
ရုံးကို ရေရှည်ဆက်လက်လည်ပတ်နိုင်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာမျက်နှာစာမှာ ဆက်လက်ထုတ်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။
သူ့ပြောကြားချက်အရ ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း အဖွဲ့ရုံးရဲ့ တလအသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄ သောင်းကနေ ၆ သောင်းအထိ ရှိခဲ့ပါတယ်။ အသုံးစရိတ်တွေကို ဆက်လက်လျှော့ချခဲ့ရာ စက်တင်ဘာလ တွေ့ဆုံမေးမြန်းချိန်မှာတော့ တလ ဒေါ်လာ ၂ သောင်းကျော်သာ သုံးစွဲတော့တယ်လို့ ဆိုပါတယ်။
ဒီငွေကို ဒေသခံဝန်ထမ်းတွေရဲ့ လစာ၊ ရုံးနဲ့ နေအိမ်ရဲ့ မီး၊ ရေ စတဲ့ မဖြစ်မနေအသုံးစရိတ်တွေအတွက် သုံးစွဲနေတယ်လို့ သူက ရှင်းပြပါတယ်။
စရိတ်သက်သာဖို့ တတ်နိုင်သမျှ ကိုယ်တိုင်ကားမောင်းသွားသလို၊ နိုင်ငံပိုင် သံအမတ်နေအိမ်မှာ ကုမ္ပဏီငှားပြီး ခြံထိန်းသိမ်းတာကို ရပ်လိုက်ကာ မြက်ရိတ်တာနဲ့ ခြံရှင်းတာတွေ ကိုယ်တိုင်လုပ်တယ်လို့လည်း ပြောပါတယ်။
ဦးကျော်မိုးထွန်းက နိုင်ငံပိုင်ငွေ ဒေါ်လာ ၂ ဒသမ ၆ သန်းကျော် အလွဲသုံးစားလုပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အစိုးရက အစောပိုင်းမှာ စွပ်စွဲထားပါတယ်။ သူကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး ရုံးငွေကို ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲတာမရှိဘဲ အဖွဲ့ရုံးလုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးစွဲခဲ့တာလို့ ပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိလာချိန် စက်တင်ဘာ ၁၉ ရက်မှာပဲ မြန်မာနွယ်ဖွား ၁,၀၀၀ နီးပါးက ကုလသမဂ္ဂဌာနချုပ်အနီး စုဝေးပြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဦးကျော်မိုးထွန်းကတော့ အဖွဲ့ရုံး ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတာရဲ့ ရည်ရွယ်ချက်ကို “အထူးသဖြင့် ပြည်သူတွေရဲ့အသံကို ကျနော် ဒီဘက်မျက်နှာစာကနေပြီးတော့ ဆက်လက်ထုတ်ဖော်ပေးနေနိုင်မယ်” လို့ ရှင်းပြခဲ့ပါတယ်။
