သံအမတ်ကြီးကို စစ်ခေါင်းဆောင်တွေက တရားစွဲအရေးယူဖို့ လက်တွေ့မဖြစ်နိုင်
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားစွဲအရေးယူဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းချက်ဟာ တရားနည်းလမ်းမကျသလို လက်တွေ့လည်း မဖြစ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာဂလိုဘယ်မီဒီယာ (MGM) ကို ပြောပါတယ်။
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာ အောက်တိုဘာလက ကျင်းပခဲ့တဲ့ Forum 2000 ညီလာခံအတွင်း MGM က ဒေါ်ဇင်မာအောင်ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်မိုးထွန်းကို တရားစွဲအရေးယူဖို့ ကြိုးပမ်းနေတဲ့အပေါ် မေးမြန်းရာမှာ သူက အခုလို တုံ့ပြန်ခဲ့ပါတယ်။
“ဘယ်သူက တရားစွဲမှာလဲ။ အခု စစ်အာဏာသိမ်းထားတဲ့၊ နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ထားတဲ့သူတွေက တိုင်းပြည်နဲ့ လူမျိုးအပေါ်၊ နိုင်ငံတော်အပေါ် သစ္စာရှိတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားစွဲမယ်လို့ ပြောတာက အင်မတန် တရားဓမ္မမကျဘူး။ လက်တွေ့လည်း မဖြစ်နိုင်ဘူး” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရရဲ့ စွပ်စွဲချက်
စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်မှုအပါအဝင် ဥပဒေပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။ အင်တာပိုလ်နဲ့ အမေရိကန်ဥပဒေစိုးမိုးရေးအဖွဲ့တွေကတဆင့် အရေးယူနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံပိုင်ရုံးအဆောက်အအုံ၊ နေအိမ်နဲ့ မော်တော်ယာဉ်ကို ခွင့်ပြုချက်မရှိဘဲ ဆက်လက်အသုံးပြုနေတယ်လို့ စွပ်စွဲထားသလို၊ အဖွဲ့ရုံးဘဏ်စာရင်းမှာ ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃၈,၂၃၃ ကျော်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
ဦးကျော်မိုးထွန်းကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး ရုံးငွေကို ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲတာမရှိဘဲ အဖွဲ့ရုံးလုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးစွဲခဲ့တာလို့ MGM ကို ပြောထားပါတယ်။
ပြည်တွင်းမှာ အမှုဖွင့်၊ ဖမ်းဝရမ်းထုတ်ထားတာနဲ့ အမေရိကန်မှာ ဖမ်းဆီးအရေးယူနိုင်ရေးဟာ သီးခြားလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အင်တာပိုလ်ရဲ့ ရှင်းလင်းချက်အရ Red Notice ဟာ နိုင်ငံတကာဖမ်းဝရမ်းမဟုတ်ဘဲ တရားခံလွှဲပြောင်းပေးရေး ဒါမှမဟုတ် အလားတူဥပဒေလုပ်ငန်းစဉ်အတွက် လူတဦးကို ရှာဖွေပြီး ယာယီဖမ်းဆီးပေးဖို့ တောင်းခံချက်ဖြစ်ပါတယ်။ ဖမ်းဆီးမလားဆိုတာကို သက်ဆိုင်ရာနိုင်ငံက မိမိဥပဒေနဲ့အညီ ဆုံးဖြတ်ရတာပါ။
အင်တာပိုလ်ရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပုဒ်မ ၃ ကလည်း နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနဲ့ လူမျိုးရေးသဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ အဖွဲ့အစည်းက ဝင်ရောက်ဆောင်ရွက်တာကို တားမြစ်ထားပါတယ်။ တောင်းဆိုချက်တခုချင်းစီကို သက်ဆိုင်ရာစည်းမျဉ်းတွေနဲ့ ကိုက်ညီမညီ စိစစ်ရတာဖြစ်ပြီး၊ အင်တာပိုလ်ထံ ဆက်သွယ်ထားတယ်ဆိုတာက Red Notice ထုတ်ပေးပြီးပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။
NUG နဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုကြောင်း ဒေါ်ဇင်မာအောင် ပြော
ဦးကျော်မိုးထွန်းဟာ NUG ကို ကိုယ်စားပြုနေတာလားဆိုတဲ့ MGM ရဲ့ မေးခွန်းကိုလည်း ဒေါ်ဇင်မာအောင်က ဖြေကြားခဲ့ပါတယ်။
“သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် NUG ကိုလည်း ကိုယ်စားပြုတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ NUG ကိုရော၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုပါ ကိုယ်စားပြုနေတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
NUG ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား၊ ဒီမိုကရေစီအင်အားစုတွေ ပါဝင်ဖွဲ့စည်းထားတဲ့ စစ်အုပ်ချုပ်ရေးဆန့်ကျင်ဘက် အစိုးရဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းကို အာဏာသိမ်းမှုမတိုင်မီ အရပ်သားအစိုးရက ခန့်အပ်ခဲ့တာဖြစ်ပြီး၊ သူက ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက် ကုလမိန့်ခွန်းမှာ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆန့်ကျင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မတီက မြန်မာကိုယ်စားပြုရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတာကြောင့် သူ့နေရာ ဆက်ရှိနေတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့ရုံးအကြီးအကဲစာရင်းမှာလည်း ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဖော်ပြထားပါတယ်။
ကုလကိုယ်စားလှယ်နေရာရဲ့ အရေးပါမှု
အမေရိကန်အခြေစိုက် ပညာရေးနဲ့ သုတေသနအဖွဲ့အစည်း East-West Center ရဲ့ တွဲဖက်အကြီးတန်းသုတေသီ ဒေါက်တာမီမီဝင်းဘတ်ကတော့ ဦးကျော်မိုးထွန်းရဲ့နေရာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ရယူဖို့ ကြိုးပမ်းနေတာဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးနဲ့ ဆက်စပ်နေတယ်လို့ MGM ကို သုံးသပ်ပြောဆိုပါတယ်။
“ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း ကိုယ်စားပြုနေတဲ့နေရာက အရမ်းအရေးကြီးတယ်။ အရေးကြီးလို့လည်း စစ်အုပ်စုက ဒီနေရာကို မရရအောင် ကြိုးစားယူနေတာ” လို့ သူက ပြောပါတယ်။ ဒီနေရာကို ရရှိရင် တရားဝင်အသိအမှတ်ပြုခံရရေး ခြေလှမ်းတလှမ်း တိုးလာမယ်လို့ စစ်ခေါင်းဆောင်တွေက ယူဆနေကြောင်း သူက သုံးသပ်ပါတယ်။
ဦးကျော်မိုးထွန်းရှိနေတာကြောင့် စစ်တပ်ရဲ့ သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်းတွေကို ကုလသမဂ္ဂမှာ ဆက်လက်တင်ပြနိုင်တယ်လို့လည်း ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။ သူ့ကို ဖယ်ရှားဖို့ ကြိုးပမ်းတာဟာ အဲဒီအသံတွေကို ပိတ်ပင်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ သူက ယူဆပါတယ်။
စက်တင်ဘာ ၁၉ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီး မြန်မာနွယ်ဖွား ၁,၀၀၀ နီးပါး စုဝေးပြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလို စုစည်းထောက်ခံတာဟာ “ပြည်သူ့အင်အား—People Power—ကို ပြသနိုင်တာ” ဖြစ်တယ်လို့ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။
“ပြည်တွင်းက မလုပ်နိုင်တာကို ပြည်ပက လုပ်ပေး၊ ပြည်ပက မလုပ်နိုင်တာကို ပြည်တွင်းက လုပ်ပေးကြဖို့ပါ။ အဲဒီလို အပြန်အလှန် ဖြည့်ဆည်းပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” လို့ သူက တိုက်တွန်းသွားပါတယ်။
