| |

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ICJ သမိုင်းဝင်စီရင်ချက်ကို NUG အသိအမှတ်ပြု

– စစ်တပ်အပေါ် နိုင်ငံတကာအရေးယူမှု တိုးမြှင့်ရန် တိုက်တွန်း

ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး၊ နိုင်ငံသားအခွင့်အရေး နဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ ထပ်မံကတိပြု

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ သမိုင်းဝင်စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီး ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးနဲ့ စစ်တပ်ရဲ့ အရပ်သားများအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပမှာ အစိုးရလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စင်ပြိုင်အစိုးရတရပ်ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) အခြေစိုက် ICJ တရားရုံးက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားသူကြီး ၁၅ ဦးအနက် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့ပြီးနောက် NUG ရဲ့ သဘောထားထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် စီရင်ချက်ကို လေးစားပါသည်” လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားရုံးရဲ့ တွေ့ရှိချက်တွေနဲ့ အမိန့်တွေကို အသေးစိတ်လေ့လာသုံးသပ်သွားမယ်လို့ NUG က ပြောကြားခဲ့ပြီး ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး၊ ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးနဲ့ အလားတူ ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံမဖြစ်ပွားစေရေး ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့ပါတယ်။

စစ်တပ်အပေါ် နိုင်ငံတကာဖိအား တိုးမြှင့်ရန် NUG တိုက်တွန်း

ICJ စီရင်ချက်ဟာ ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေးတင်မကဘဲ မြန်မာနိုင်ငံတဝန်း အရပ်သားများအပေါ် ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချိန်အခါဖြစ်ကြောင်း NUG က ထောက်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အထောက်အပံ့ဖြစ်စေတဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးအရင်းအမြစ်တွေ စီးဝင်မှုကို တားဆီးကန့်သတ်ဖို့ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားများ သတ်ဖြတ်ခံရမှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အတင်းအကျပ် နေရပ်စွန့်ခွာရမှုတွေ ဆက်လက်ဖြစ်ပွားနေကြောင်း NUG က ထောက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ပြဿနာနဲ့ ဆက်စပ်နေကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ICJ က ချမှတ်ခဲ့တဲ့ နစ်နာကြေးပေးရေး၊ ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရေးနဲ့ ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးဆိုင်ရာ အမိန့်တွေကို NUG အနေနဲ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ အသေးစိတ်အစီအစဉ်နဲ့ အချိန်ဇယားကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ရိုဟင်ဂျာနိုင်ငံသားအခွင့်အရေးနှင့် နေရပ်ပြန်နိုင်ရေး ကတိကဝတ် ထပ်မံအတည်ပြု

NUG က ရိုဟင်ဂျာများရဲ့ နိုင်ငံသားအခွင့်အရေး၊ တန်းတူညီမျှမှု၊ လူ့ဂုဏ်သိက္ခာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ ပါဝင်ခွင့်တို့ကို ထောက်ခံတဲ့ မူဝါဒကိုလည်း ထပ်မံအတည်ပြုခဲ့ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေကို အပြည့်အဝ အာမခံနိုင်တဲ့ အခြေအနေတွေ လိုအပ်ကြောင်း NUG က ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာဆိုင်ရာ NUG မူဝါဒမှာလည်း ရိုဟင်ဂျာများရဲ့ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုရေးနဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံသားဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာအများအပြား နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးစေခဲ့တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း NUG ရဲ့ မူဝါဒမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာများအပါအဝင် လူမျိုးစုအားလုံး တန်းတူအခွင့်အရေးရရှိပြီး နိုင်ငံရေးအရ ပါဝင်ခွင့်ရှိမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိုလည်း NUG က ဆက်လက်ထောက်ခံထားပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊  NUG ရဲ့ နယ်မြေ ထိန်းချုပ်နိုင်စွမ်း အကန့်အသတ်ရှိနေတာ စတဲ့ အခြေအနေတွကြောင့် ဒီကတိကဝတ်တွေကို လက်တွေ့ အကောင်အထည်ဖေါ်ရေး စိန်ခေါ်မှု များစွာရှိနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၉ ခုနှစ် ICJ ခုခံချေပမှုနှင့် ကွဲပြားလာသည့် ရပ်တည်ချက်

NUG ရဲ့ လက်ရှိသဘောထားဟာ ၂၀၁၉ ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုကို ICJ မှာ ပထမဆုံးကြားနာတဲ့ အချိန်မှာ  မြန်မာအရပ်သားအစိုးရက တင်ပြခဲ့တဲ့ ရပ်တည်ချက်နဲ့ သိသိသာသာ ကွဲပြားနေပါတယ်။

အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ သည်ဟိဂ်မြို့ ICJ တရားရုံးကို ကိုယ်တိုင်သွားရောက်ပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုကို ခုခံချေပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ ရှုပ်ထွေးတဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း တင်ပြခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စိန်ခေါ်ခဲ့ပါတယ်။

အဲဒီကာလမှာ အရပ်သားအစိုးရက ရွေးကောက်ပွဲအနိုင်ရထားပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို စစ်တပ်က ထိန်းချုပ်ထားတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ရွေးကောက်ခံလွှတ်တော်အမတ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းခဲ့ပါတယ်။

NUG က ရိုဟင်ဂျာများရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့ မူဝါဒတွေ ချမှတ်ခဲ့ပြီး အခု ICJ စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း ထပ်မံကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ NUG ရဲ့ နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေအတွင်း ယခင်အရပ်သားအစိုးရရဲ့ တာဝန်ရှိမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၉ ခုနှစ် ICJ ခုခံချေပမှုတို့ကို သီးခြားထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

ICJ အပြီးသတ်စီရင်ချက် အကောင်အထည်ဖော်ရေး စိန်ခေါ်မှု

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ချိုးဖောက်မှုနဲ့ ICJ မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေခြင်း၊ လူမျိုးစုအတွင်း ကလေးမွေးဖွားမှုကို တားဆီးရန် ရည်ရွယ်တဲ့ အစီအမံတွေ ချမှတ်ခြင်းတို့ကို လူမျိုးတုန်းသတ်ဖြတ်ရန် သီးခြားရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန်၊ ကျူးလွန်သူတွေကို အရေးယူရန်နဲ့ ကွန်ဗင်းရှင်းနဲ့အညီ လိုအပ်တဲ့ ပြည်တွင်းဥပဒေတွေ ပြဋ္ဌာန်းရန် တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာနစ်နာသူတွေအတွက် ပြန်လည်ကုစားရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့နဲ့ မူလအခြေအနေအတိုင်း ပြန်လည်ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်တဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

စီရင်ချက်ချမှတ်တဲ့နေ့ကနေ နှစ်နှစ်အတွင်း ပြန်လည်ကုစားရေးဆောင်ရွက်ချက်တွေနဲ့ လျော်ကြေးဆိုင်ရာ အချက်အလက်တွေကို ICJ တရားရုံးထံ အစီရင်ခံစာ တင်ပြရမှာဖြစ်ပါတယ်။

ICJ ရဲ့ အပြီးသတ်စီရင်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥပဒေအရ လိုက်နာရန် တာဝန်ရှိပြီး အစိုးရအပြောင်းအလဲကြောင့် နိုင်ငံတော်ရဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

NUG က စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း ပြောကြားထားပေမဲ့ တရားရုံးအမိန့်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေက အဓိကအခက်အခဲ ဖြစ်နေပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်နောက်ဆုံးမှာတော့ “တရားရုံးက မိမိ၏ဆုံးဖြတ်ချက်ကို ချမှတ်ပြောကြားပြီးဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုကို လက်တွေ့ဖော်ဆောင်နိုင်ရေးဟာ သမိုင်းဝင်စီရင်ချက်ကို အသိအမှတ်ပြုရုံသာမက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဆက်လက်ဆောင်ရွက်မှုတွေအပေါ် မူတည်နေမှာ ဖြစ်ပါတယ်။


ကိုးကားရင်းမြစ်များ — အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်၊ NUG ၂၀၂၁ ခုနှစ် ရိုဟင်ဂျာဆိုင်ရာ မူဝါဒ၊ ICJ  ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် စီရင်ချက်နှင့် ၂၀၁၉ ခုနှစ် ICJ ကြားနာမှုဆိုင်ရာ မှတ်တမ်းများ။ ဓါတ်ပုံ – NUG

Similar Posts