အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ နဲ့ မြန်မာနွယ်ဖွား မဲဆန္ဒရှင်များ
လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြန်မာနွယ်ဖွား မဲဆန္ဒရှင်တချို့က မဲပေးရေးအတွေ့အကြုံတွေနဲ့ မြန်မာ့အရေးအပေါ် သူတို့ရဲ့ မျှော်လင့်ချက်တွေကို မြန်မာဂလိုဘယ်မီဒီယာ (MGM) ကို ပြောပြကြပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကာလဟာ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို မြန်မာ့အရေးဆိုင်ရာ တောင်းဆိုချက်တွေ တိုက်ရိုက်တင်ပြဖို့ အခွင့်အချိန်ကောင်းဖြစ်တယ်လို့ ပညာရေးနဲ့ သုတေသနအဖွဲ့အစည်း East-West Center ရဲ့ တွဲဖက် အကြီးတန်းသုတေသီ ဒေါက်တာ မီမီဝင်းဘတ် Miemie Winn Byrd က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်နေချိန်မှာ မဲဆန္ဒရှင်တွေရဲ့ အသံကို ပိုပြီး အချိန်ပေးနားထောင်နိုင်တာကြောင့် ဖုန်းခေါ်တာ၊ အီးမေးလ်နဲ့ စာပို့တာ၊ ဆိုရှယ်မီဒီယာကတဆင့် ဆက်သွယ်တာတွေ လုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။
မေရီလန်း မြန်မာအသိုင်းအဝိုင်း ဦးဆောင်သူတဦးဖြစ်တဲ့ ကိုယဉ်ထွေးကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်ကို နားလည်စေချင်ပြီး စစ်အာဏာရှင်နဲ့ ဆက်ဆံတာမျိုး မလုပ်စေချင်ဘူးလို့ MGM ကို ပြောပါတယ်။
နယူးယောက်မှာရှိတဲ့ Sohie’s Rangoon Kitchen ပိုင်ရှင် ဒေါ်ဝါဝါအောင်ကလည်း လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲသွားမယ်လို့ ဆိုပါတယ်။ ကျောင်းတွေမှာ ဖွင့်ထားတဲ့ မဲရုံတွေကို သွားရောက်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ကိုယ်တိုင် ဆန္ဒမဲပေးနိုင်တယ်လို့ သူက ပြောပါတယ်။
