|

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အတုအယောင်အစိုးရ ကြောက်ရွံ့

“အားလုံး သိထားတဲ့အတိုင်းပဲ သူတို့ (စစ်တပ်) ကတော့အတုအယောင်တွေနဲ့ နိုင်ငံတကာကို လှည့်စားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ရှိထင်ရှားရှိမယ်၊ ကျန်းကျန်းမာမာရှိမယ်ဆိုရင် နိုင်ငံတကာခေါင်းဆောင်တွေ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို မပေးခြင်းဟာ သူတို့မှာ အကျပ်အတည်းတွေ ရှိနေတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်တယ်ဆိုရင် သူတို့ (စစ်တပ်)ရဲ့ အတုအယောင်အစိုးရ တခုလုံး လှုပ်ခတ်သွားမယ်ဆိုတဲ့ အနေအထားကြောင့် ဒီအပေါ်မှာ သူတို့ စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ ရှိနေပါတယ်။”

ကိုနေတင်မြင့်- နယူးယောက် မြန်မာကွန်မြူနတီ (NYBC) ဦးဆောင်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သက်ရှိထင်ရှား ရှိနေကြောင်းသက်သေပြဖို့ စစ်တပ်ကျောထောက်နောက်ခံပေး အစိုးရ ကို ဖိအားပေး တောင်းဆိုလှုပ်ရှားမှုတွေရဲ့ အရေးပါပုံကို NYBC ဦးဆောင်သူ ကိုနေတင်မြင့်က မြန်မာဂလိုဘယ်လ် မီဒီယာ (MGM) ကို ပြောပြခဲ့တာပါ။

မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့်မွေးနေ့ပွဲကို ကမ္ဘာတလွှား ပြုလုပ်ခဲ့ရာမှာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့ မှာ ကျင်းပခဲ့ကြပြီး နယူးယောက်မြို့မှာတော့ ဇွန်လ (၂၀)ရက်နေ့က မြန်မာကွန်မြူနတီ (NYBC) ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်အဖြစ်ကနေ အသွင်ပြောင်းပြီး သမ္မတ အမည်ခံ ဦးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့ကတော့ ဒေါ်အာင်ဆန်းစုကြည်ကို ဘယ်မှာ ထိမ်းသိမ်းထားသလဲဆိုတာတရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီး ၅နှစ်ကြာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ စစ်တပ်ဘက်က ဓါတ်ပုံတပုံသာ တရား၀င်ထုတ်ပြန်ခဲ့တာပါ။

ဒီဓါတ်ပုံနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်အပေါ် ယုံကြည်ရခက်ခဲကြောင်း ဆိုရှယ်မီဒီယာတွေမှာ အများစုက ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာ စစ်တပ်ဘက်က သက်သေပြဖို့ သားငယ် မောင်ထိန်လင်း ခေါ် Kim Aris ဦးဆောင်ပြီး ကမ္ဘာတဝှမ်းတောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။

Similar Posts