မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရှိန်မြှင့်ဖို့ အရှေ့တောင်အာရှကို သွားဖို့ရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုရရှိအောင် ကြိုးပမ်းနေတဲ့ ကင်မ်အဲရစ်က အရှေ့တောင်အာရှဒေသကို သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာဂလိုဘယ်မီဒီယာကို ပြောပါတယ်။
သူ့ရဲ့ Free Her လှုပ်ရှားမှုကို ဆက်လက်ချဲ့ထွင်ရာမှာ ကမ္ဘာတဝန်းက အစိုးရတွေနဲ့ ဆက်သွယ်ဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (Kim Aris) က ပြောပါတယ်။
“လာမယ့်နှစ်အစပိုင်းမှာ အရှေ့တောင်အာရှကို သွားပြီး အဲဒီဒေသက လူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒီခရီးစဉ်ကို ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ်အဖြစ် ပြောဆိုထားတာဖြစ်ပြီး သွားရောက်မယ့်နိုင်ငံတွေ၊ တွေ့ဆုံမယ့်သူတွေနဲ့ ခရီးစဉ်ရက်တွေကိုတော့ အင်တာဗျူးမှာ အသေးစိတ် မဖော်ပြခဲ့ပါဘူး။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဒေသအထိ လှုပ်ရှားမှုချဲ့ထွင်ဖို့ ရည်ရွယ်ထားတဲ့ ကင်မ်က စစ်အာဏာပိုင်တွေနဲ့ နိုင်ငံတကာက ပြန်လည်ဆက်ဆံနေတဲ့အပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောပါတယ်။ အရင်က ဆက်ဆံရေးကြိုးပမ်းမှုတွေကနေ အဓိပ္ပာယ်ရှိတဲ့ ရလဒ်တွေ မထွက်ခဲ့သလို အာဏာပိုင်တွေက ကတိတွေကို လက်တွေ့အကောင်အထည် မဖော်ခဲ့ဘူးလို့ သူက ဝေဖန်ပါတယ်။
“အခုလည်း အဲဒီလိုပဲ ထပ်ဖြစ်လာမှာကို ကျနော် စိုးရိမ်ပါတယ်။ စစ်တပ်နဲ့ ပြန်လည်ဆက်ဆံဖို့ အချိန်စောလွန်းနေသေးတယ်လို့ ယူဆပါတယ်” လို့ ကင်မ်က ပြောပါတယ်။
မိခင်နဲ့ ဖုန်းပြောခွင့်ပေးတာ၊ ဗြိတိန်ဘုရင် ချားလ်စ်ပေးပို့တဲ့ စာအုပ်တွေ လွှဲပေးတာတို့ကို နိုင်ငံတကာမှာ ပုံရိပ်ကောင်းရရှိရေးအတွက် အာဏာပိုင်တွေက အသုံးချနေတာလို့လည်း သူက ယူဆပါတယ်။
ဘုရင်ပေးပို့တဲ့ စာအုပ်နှစ်အုပ်နဲ့ စာအဆက်အသွယ်တွေကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၁၉ ရက်မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ ကင်မ်ကတော့ အဲဒီစာအုပ်တွေကို မိခင်ရဲ့မွေးနေ့အမီ လအနည်းငယ်စောပြီး ပေးပို့ထားတာလို့ ယုံကြည်ကြောင်း ပြောပါတယ်။
“အစောကြီးကတည်းက ပေးလို့ရရဲ့သားနဲ့ သိမ်းထားပြီးတော့ သူတို့လိုချင်တဲ့အချိန်ရောက်မှ ပေးခဲ့တာပါ” လို့ သူက ဆိုပါတယ်။
စာအုပ်တွေ ပေးပို့ခဲ့တဲ့အချိန်နဲ့ လွှဲပေးမှုနှောင့်နှေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ MGM က သီးခြားအတည်မပြုနိုင်ပါဘူး။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်အပေါ် ကင်မ်ရဲ့ ဝေဖန်ချက်နဲ့ပတ်သက်တဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်လည်း ယခုသတင်းမှာ မပါဝင်သေးပါဘူး။
နိုင်ငံတကာလှုပ်ရှားမှုကို ဆက်လက်တွန်းအားပေးနေတဲ့ ကင်မ်အတွက် မိခင်နဲ့ အဆက်အသွယ်ပြန်ရခဲ့ခြင်းဟာ ပုဂ္ဂိုလ်ရေးအရ အလွန်အရေးပါတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံက ဝမ်းသာသက်သာရာရစေသလို နှစ်ရှည်ခွဲခွာနေရတဲ့ နာကျင်မှုကိုလည်း ပိုမိုခံစားစေခဲ့တယ်လို့ သူက ပြောပါတယ်။
“အများကြီး စိတ်သက်သာရာရမိတယ်။ ဒီလောက်ကြာပြီးမှ အမေ့အသံကို ပြန်ကြားရလို့လည်း သိပ်ဝမ်းသာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေနဲ့ အရင်တုန်းက နောက်ဆုံးစကားပြောခဲ့ပြီးနောက်ပိုင်း ဘယ်လောက်တောင် ကြာသွားပြီလဲဆိုပြီး ပိုပြီး သိသိသာသာ ခံစားမိစေပါတယ်” လို့ ကင်မ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်မ်တို့ဟာ အောက်တိုဘာ ၂၂ ရက်က ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရခဲ့တာပါ။ စကားပြောချိန် မိနစ် ၂၀ ကြာခဲ့ပြီး ကင်မ်က လန်ဒန်မြို့ရှိ မြန်မာသံရုံးကနေ ဆက်သွယ်ခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် ပရာ့ဂ်မြို့မှာ MGM က ကင်မ်ကို တွေ့ဆုံမေးမြန်းခဲ့စဉ်က မိခင်နဲ့သာ နောက်တကြိမ် စကားပြောခွင့်ရမယ်ဆိုရင် ဘာတွေပြောချင်သလဲလို့ မေးခဲ့ရပါတယ်။ တကယ်ပြောခွင့်ရလာချိန်မှာတော့ ပြောချင်တာတွေ အများကြီးရှိပေမဲ့ လွတ်လွတ်လပ်လပ် ပြောနိုင်ခဲ့တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
“မေမေနဲ့ ပြောချင်တဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောနေတာကို အသံဖမ်းထားတယ်ဆိုတာ သိတဲ့အတွက် မိသားစုအကြောင်းတွေကိုပဲ ပြောခဲ့ကြပါတယ်” လို့ ကင်မ်က ပြောပါတယ်။
မိခင်ရဲ့အသံက နေကောင်းပုံရလို့ စိတ်အေးခဲ့ရပေမဲ့ ကျန်းမာရေးအပေါ် ပူပန်မှုတွေကတော့ ဆက်ရှိနေပါတယ်။ ဖုန်းပြောစဉ် မိခင်က လက်အလွန်နာကျင်ပြီး တခါတရံ အသုံးပြုလို့တောင် မရဘူးလို့ ပြောပြခဲ့ကြောင်း ကင်မ်က ဆိုပါတယ်။ အရွတ်ယိုယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သူက ယူဆပေမဲ့ အကြောင်းရင်းကို ဆေးဘက်ဆိုင်ရာ အတည်ပြုထားခြင်းတော့ မရှိပါဘူး။
မိခင်ဟာ စစ်တပ်နဲ့ ရဲဘက်က လူတွေကလွဲပြီး တခြားသူတွေနဲ့ တွေ့ဆုံခွင့်မရသလို သတင်းမီဒီယာတွေကိုလည်း ကြည့်ရှု၊ နားထောင်၊ ဖတ်ရှုခွင့် မရဘူးလို့ သူသိထားကြောင်း ကင်မ်က ပြောပါတယ်။ ဖုန်းပြောပြီးနောက် အင်တာဗျူးပြုလုပ်ချိန်အထိ မိခင်နဲ့ပတ်သက်တဲ့ နောက်ထပ်သတင်း မရရှိသေးဘူးလို့လည်း ဆိုပါတယ်။
မိခင်နဲ့ အဆက်အသွယ်ပြန်ရခဲ့တာကြောင့် မကြာခင် လွတ်မြောက်လာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ပိုရှိလာသလားလို့ မေးရာမှာတော့ ကင်မ်က သတိထားဖြေဆိုပါတယ်။
“အခုနောက်ဆုံး အခြေအနေတွေက အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတခုကို ညွှန်ပြနေသလားဆိုတာ ကျနော် မသေချာပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မေမေနဲ့ ဆက်ပြီး အဆက်အသွယ်ရှိခွင့်ရဖို့ မျှော်လင့်ပါတယ်။ နောက်ဆုံးမှာ အမေ လွတ်မြောက်လာတဲ့အထိ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီမျှော်လင့်ချက်နဲ့အတူ ကင်မ်က သူ့ရဲ့လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ သူတောင်းဆိုနေတဲ့ လွတ်မြောက်ရေးဟာ မိခင်တဦးတည်းအတွက် မဟုတ်ဘူးလို့လည်း အလေးထားပြောပါတယ်။
“တကယ်တော့ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုဟာ အခုမှ အစပဲရှိပါသေးတယ်။ ဒါကြောင့် ကျနော်တို့ ဆက်ပြီး ရှေ့တိုးဆောင်ရွက်သွားရမှာပါ။”
