| |

မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်လူငယ်များ Forum 2000 ဆုရရှိ

Prague, Czech Republic — ချက်နိုင်ငံ ပရာ့ဂ်မြို့မှာ တနင်္ဂနွေနေ့က စတင်ပြီး သုံးရက်တာကျင်းပတဲ့ Forum 2000 နိုင်ငံတကာ ဒီမိုကရေစီရေး ညိလာခံမှာ နွေဦးတော်လှန်ရေး ဦးဆောင်နေတဲ့ လူငယ်သုံးဦးနဲ့အတူ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကို ရဲရင့်မှုနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ခဲ့ပါတယ်။

ဆုရရှိတဲ့ လူငယ်သုံးဦးကတော့ ဒေါက်တာတေဇာစန်း၊ နန်းလင်း နဲ့ ထောင်ဒဏ် ၃၇ နှစ်ကျခံနေရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထက်မြတ်အောင် တို့ဖြစ်ပါတယ်။

Forum 2000 နိုင်ငံတကာ ညီလာခံကို ချက်သမ္မတဟောင်း Václav Havel က ဦးဆောင်ပြီး ၁၉၉၇ ခုနှစ်မှာ နိုင်ငံတကာဆွေးနွေးရေး ပလက်ဖောင်းတခုအဖြစ် စတင်ကျင်းပခဲ့တာပါ။ ဒီညီလာခံကနေ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စုစည်းပေးတာပါ။ ဒီနှစ် အကြိမ် ၃၀ မြောက်ညီလာခံကို ပရာ့ဂ်မြို့မှာ အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပနေပါတယ် ။ Forum 2000 ညီလာခံက ချီးမြှင်တဲ့ ရဲရင့်မှုနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု ကတော့ ခြောက်ကြိမ်မြောက် ဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲမှာ ပေးအပ်တဲ့ ဒီဆုဟာ စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကြားက အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေကို ဆက်လက်ဦးဆောင်နေသူတွေကို အသိအမှတ်ပြုတာလည်းဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထက်မြတ်အောင်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို စစ်ကျောရေးစခန်းမှာ စစ်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခဲ့သလို ထောင်ဒဏ် ၃၇ နှစ်ထိ ချမှတ်ခဲ့ကြောင်း Forum 2000 ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါက်တာတေဇာစန်းနဲ့ နန်းလင်းတို့ဆိုရင်လည်း ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကြားက ဆက်လက်လှုပ်ရှားနေကြပါတယ်။

GSCB ကတော့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ တိုင်းရင်းသားသပိတ်အဖွဲ့တွေနဲ့ CDM ကိုယ်စားလှယ်တွေကို ချိတ်ဆက်ပြီး သပိတ်နဲ့ လူထုဆန့်ကျင်လှုပ်ရှားမှုတွေကို စုစည်းနေတဲ့ အင်အားစုပါ။

ဆုရှင်တွေကိုယ်စား ချမ်း၊ စတန် နဲ့ ဘုန်းသစ် တို့က ဆုလက်ခံခဲ့ကြပြီး ချက်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Miloš Vystrčil က ပေးအပ်ခဲ့ပါတယ်။ ရဲရင့်တဲ့ လှုပ်ရှားသူတွေကို ချီးကျူးရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ပံ့ပိုးဖို့ လိုတယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း အမေရိကန် NED အဖွဲ့က မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လူထုစည်းရုံးသူတွေကို လွတ်လပ်စွာ စုဝေးခွင့်ဆိုင်ရာ ဒီမိုကရေစီဆု ချီးမြှင့်ခဲ့ပါတယ်။ နန်းလင်းက မြန်မာနိုင်ငံအတွင်းကနေ ဗီဒီယိုမိန့်ခွန်းနဲ့ လှုပ်ရှားမှုကိုယ်စား ဆုလက်ခံခဲ့တာပါ။

မြန်မာဂလိုဘယ်မီဒီယာ (MGM) က ပရာ့ဂ်မြို့မှာ Forum 2000 ညီလာခံကို သတင်းရယူတင်ဆက်နေပါတယ်။

30th Forum 2000 (October 11-13, 2026)
30th Forum 2000 (October 11-13, 2026)
30th Forum 2000 (October 11-13, 2026)

ဓါတ်ပုံ — Forum 2000, Prague, Czech Republic

Similar Posts