|

စစ်တပ်ကို သံတမန်ရေးဖိအားပေးရန် အာဆီယံကို NUG တိုက်တွန်း

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို သမ္မတ အမည်ခံ ဦးမင်းအောင်လှိုင် က လက်မခံငြင်းဆိုလိုက်ချိန်မှာပဲ မြန်မာစစ်အုပ်စုအပေါ် သံတမန်ရေးဖိအား တိုးမြှင့်ပြီး ဒီသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်ပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို မြန်မာဂလိုဘယ်လ်မီဒီယာက ဇူလိုင်လ (၂၆)ရက်နေ့ ဝါရှင်တန်ဒီစီ မှာတွေ့ဆုံမေးမြန်းချိန် အာဆီယံရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာပါ။ 

ဒီအတောအတွင်း စစ်ခေါင်းဆောင်အဖြစ်ကနေ အသွင်ပြောင်း သမ္မတအမည်ခံ ဦးမင်းအောင်လှိုင်ဟာ ဩဂုတ် ၆- ၇ ရက်အထိ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဥ်ထားတာပါ။ အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို လက်မခံဖယ်ကြဉ်ထားချိန်မှာ အခုလို အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းအနေနဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို တရားဝင်ဖိတ််ကြားတဲ့အပေါ်မှာ ဝေဖန်ချက်တွေ ထွက်ပေါ်နေတာပါ။  အခုလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဘက်က မြန်မာစစ်အုပ်စုကို သီးခြားထိတွေ့ဆက်ဆံတာဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အားနည်းစေသလို မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့နဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို  အကောင်အထည်ဖော်ရေး အာဆီယံနိုင်ငံတွေအနေနဲ့ ညီညွတ်ခိုင်မာတဲ့ သံတမန်ရေးဖိအားပေးဖို့ လိုအပ်ကြောင်း ဒေါ်ဇင်မာအောင်က အလေးထားပြောကြားခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်အဖြစ်ကနေ အသွင်ပြောင်း သမ္မတအမည်ခံဦးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်ကိုပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ- အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဟာ အဖွဲ့ဝင်နိုင်ငံအားလုံရဲ့ သဘောတူညီချက်မဟုတ်ဘဲ ၂၀၂၁ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်ခဲ့ တာဖြစ်သလို ဘုံသဘောတူညီချက်ငါးရပ်ကိုလည်း အာဆီယံခေါင်းဆောင်တွေကိုယ်တိုင် သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။