ဘိန်းအများဆုံးထုတ်နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာငွေကြေးလုပ်ငန်းတွေ ပိုမိုစိစစ်ခံရနိုင်
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကြောင့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ စိစစ်တာတွေ ပိုမိုတင်းကျပ်လာနိုင်ပြီး အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ LA2M လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။
စက်တင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ “Presidential Determination on Major Drug Transit or Major Illicit Drug Producing Countries” ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်ရာ သို့မဟုတ် ဖြတ်သန်းရာ နိုင်ငံတွေထဲမှာ ထည့်သွင်းသတ်မှတ်ထားသလို၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို ဆောင်ရွက်ရာမှာ “သိသာထင်ရှားစွာ ပျက်ကွက်တဲ့နိုင်ငံ” အဖြစ်လည်း သတ်မှတ်ထားတာပါ။
ဒီသတ်မှတ်ချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်၊ ဘဏ္ဍာရေးစနစ်နဲ့ နယ်စပ်ဖြတ်ကျော် ငွေကြေးလည်ပတ်မှုတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ၊ မြန်မာနိုင်ငံမှာ ဘိန်းနဲ့ ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှု ဆက်လက်မြင့်တက်နေရတဲ့ နောက်ခံအကြောင်းရင်းတွေက ဘာတွေလဲဆိုတာကို LA2M တည်ထောင်သူ ဦးဂျိမ်းရွှေအား မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) အယ်ဒီတာ နန်လောင်ဝ်က ဆက်သွယ်မေးမြန်းထားပါတယ်။
