ရခိုင် ကျောက်တော်မြို့ပေါ် မြန်မာစစ်တပ် ဗုံးကြဲ၊ သေဆုံးသူ ၄၆ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေပြော
မျိုးကျော် သတင်းပေးပို့ —
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲခံရပြီး သေဆုံးသူ ၄၆ ဦး၊ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိလာတယ်လို့ ဒေသခံတွေက မြန်မာဂလိုဘယ်လ်မီဒီယာကို ပြောပါတယ်။
ကနဦးသတင်းမှာ သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရသူ ၃၆ ဦးလို့ ဖော်ပြထားတာပါ။ နောက်ဆုံးစာရင်းကို MGM က သီးခြား အတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ကစ္ဆပနဒီတံတားအနီးနဲ့ လူစည်ကားတဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ကျောက်တော်ဒေသခံတဦးက အခုလို ပြောပါတယ်။
“ဗုံးကြဲတာကတော့ ဒီတံတားနဲ့ ဈေးကို ဦးတည်ပြီးတော့ကြဲတာ။ လူများတဲ့နေရာပေါ့နော်။ သေဆုံးဒဏ်ရာရတာတွေလည်း အတော်များတယ်” လို့ သူက ပြောပါတယ်။
ဒေသခံက ဈေးနဲ့ တံတားကို ရည်ရွယ်ပြီး ဗုံးကြဲခဲ့တယ်လို့ ယူဆထားပေမယ့် ဘာကို ပစ်မှတ်ထားခဲ့သလဲဆိုတာ MGM က အတည်မပြုနိုင်သေးပါဘူး။
တနင်္လာနေ့က ကျောက်တော်မှာ ဖြစ်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က တုံ့ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
စက်တင်ဘာ ၂၄ ရက်ကလည်း ကျောက်တော်မြို့နဲ့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ MGM က စုံစမ်းသိရှိထားပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ သံတွဲမြို့နယ် ငပလီကမ်းခြေအနီးကိုလည်း လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ လူထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
စက်တင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်ရေးတွေကြောင့် အရပ်သား အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း AA က ပြောပါတယ်။ ဒီစာရင်းတွေကို MGM က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့ပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နဲ့ အနီးတဝိုက်ကို Y-12 လေယာဉ်နဲ့ နာရီဝက်လောက် ဗုံးအလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် အရပ်သား ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တဆက် တည်းမှာပဲ ဒီကနေ့ နေ့လည် ၁၂နာရီကျော်လောက်မှာပဲ သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုကြောင့် အမ်း၊ မင်းပြား၊ ဂွ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ သံတွဲနဲ့ မြောက်ဦးမြို့နယ်တွေမှာရှိတဲ့ လူနေအိမ်တွေ၊ ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေတော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမှာတော့ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် တို့ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာပါ။ မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။
အခုလို တိုက်ပွဲအတွင်း အကျအဆုံးများပြီး တပ်စခန်းတွေကို လက်လွတ်ဆုံးရှုံးခံနေရတဲ့ မြန်မာစစ်တပ်ဟာ ရခိုင်အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့ AA ဘက် ကပြောပါတယ်။
[ စက်တင်ဘာလ (၂၈)ရက်နေ့ ညနှောင်းပိုင်းက ထပ်မံရရှိတဲ့ သေဆုံးဒဏ်ရာရသူ နောက်ဆုံးရစာရင်းအရ သတင်းကို ပြင်ဆင်ထားပါတယ်။]


ပုံစာ — ကျောက်တော်မြို့ပေါ် လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗီဒီယိုမြင်ကွင်းများ။
ဗီဒီယို — AA Info Desk
