ICJ စီရင်ချက်က စစ်ခေါင်းဆောင်တွေကို တရားစွဲနိုင်ရေး အထောက်အကူ ဖြစ်လာနိုင်မလား
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က ဆုံးဖြတ်မယ်လာမယ်လို့ မျှော်လင့်ကြောင်း ဗြိတိန်အခြေစိုက် Burmese Rohingya Organisation UK (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က မြန်မာဂလိုဘယ်မီဒီယာ (MGM) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ အဲဒီလို စီရင်ချက်ချခဲ့ရင် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားနဲ့ အရေးယူဒဏ်ခတ်မှုတွေ တိုးလာနိုင်တယ်လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းတာကို ဦးဆောင်ခဲ့တဲ့ စစ်အုပ်စု ခေါင်းဆောင် ကိုယ့်ကိုကိုယ် သမ္မတအဖြစ် ခန့်ထားတဲ့ ဦးမင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူတဦးအဖြစ် စွပ်စွဲခံထားရတာပါ။ သူနဲ့ စစ်ဘက်အရာရှိတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် သက်ဆိုင်ရာတရားရုံးတွေမှာ အရေးယူနိုင်ရေး နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာ နောက်ဆုံးပတ်က တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဦးထွန်းခင်ကို MGM က တွေ့ဆုံမေးမြန်းခဲ့တာပါ။
မကြာခင် ဆုံးဖြတ်တော့မယ့် ICJ ရဲ့ စီရင်ချက်ကြောင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေမှာ စစ်ခေါင်းဆောင်တွေပါ၀င်တဲ့ အခန်းကဏ္ဍကို နိုင်ငံတကာက ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာမယ်လို့ ဦထွန်းခင်က မျှော်လင့်ပါတယ်။ ICJ ကိုင်တွယ်စစ်ဆေးနေတဲ့အမှုဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအောက် ဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပါ တရားမျှတမှုရရှိရေးမှာ အရေးကြီးတယ်လို့ ဦးထွန်းခင်က ဆိုပါတယ်။
ICJ က ဘာကို ဆုံးဖြတ်မလဲ
ဂမ်ဘီယာက ၂၀၁၉ ခုနှစ်မှာ စွဲဆိုခဲ့တဲ့အမှုအတွက် ICJ က နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချဖို့ စီစဉ်ထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သလားဆိုတာ တရားရုံးက ဆုံးဖြတ်ရမှာပါ။
အာဏာသိမ်းစစ်တပ်ကို ကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ထုတ်ပြန်ချက်မှာ မြန်မာဘက်က ICJ နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယာယီအမိန့်တွေကို လိုက်နာဖို့ ဆောင်ရွက်ထားကြောင်း ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးကြားနာပွဲမှာ စစ်အုပ်စုကိုယ်စားပြုတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ ဥပဒေကြောင်းအရရော၊ အချက်အလက်အရပါ အခြေအမြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပြီး ပယ်ချဖို့ တောင်းဆိုခဲ့ပါတယ်။
ICJ က မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ရင် စီရင်ချက်မှာ တရားရုံးက အတည်ပြုထားတဲ့ အချက်တွေဟာ စစ်ခေါင်းဆောင်တွေအပေါ် သီးခြား ရာဇဝတ်အမှုတွေမှာ ကိုးကားစရာ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားနဲ့ သုံးသပ်ချက်တွေကို ICJ အမှုမှာ ပါဝင်တဲ့ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်စလုံးအပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ်ရုံးနဲ့ အာဂျင်တီးနား အမှုလိုက်ရှေ့နေတွေကို မျှဝေထားပါတယ်။ စစ်ခေါင်းဆောင်တဦးချင်းစီမှာ ရာဇဝတ်ကြောင်းအရ တာဝန်ရှိမရှိကိုတော့ သက်ဆိုင်ရာ တရားရုံးတွေက အမှုအလိုက် သက်သေအထောက်အထားတွေကို စိစစ်ပြီး ဆုံးဖြတ်ရမှာပါ။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝေးနေဆဲ
၂၀၁၇ ခုနှစ် ရခိုင်ပြည်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ ကိုးနှစ်ကျော် ကြာလာတဲ့အထိ မူလနေရပ်ကို ပြန်နိုင်မယ့် အခြေအနေ ဝေးနေဆဲလို့ ဦးထွန်းခင်က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်ပြန်ရေး ပိုခက်ခဲနေတယ်လို့လည်း သူက ဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ဩဂုတ်လ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်နဲ့ AA တို့ရဲ့ လုပ်ရပ်တွေကြောင့် ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပိုဆိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ဆက်ပေးဖို့၊ ရိုဟင်ဂျာလူငယ်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့နဲ့ ကလေးတွေ ကျောင်းတက်ခွင့်ရဖို့ ဦးထွန်းခင်က တောင်းဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့အရေးပေါ် လိုအပ်ချက်တွေအတွက် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက ဒီနှစ်အတွက် အမေရိကန်ဒေါ်လာ ၇၁၀ ဒသမ ၅ သန်း တောင်းခံထားတာပါ။
ဖမ်းဝရမ်းတွေကို အကောင်အထည်ဖော်ဖို့ တောင်းဆို
“တရားမျှတမှုဆိုတဲ့ဟာကို ကျွန်တော်တို့ လိုချင်တယ်” လို့ ဦးထွန်းခင်က MGM ကို ပြောပါတယ်။ အာဂျင်တီးနားတရားရုံးက ထုတ်ထားတဲ့ ဖမ်းဝရမ်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ အင်တာပိုလ် (INTERPOL) က အနီရောင်သတိပေးချက် (Red Notice) ထုတ်ပေးရေး နိုင်ငံတွေက တွန်းအားပေးဖို့ သူက တိုက်တွန်းပါတယ်။
BROUK က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားတရားရုံးကို တိုင်ကြားခဲ့ပြီး အဲဒီအမှုမှာ စစ်ခေါင်းဆောင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် အပါအဝင် သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးဖို့ အာဂျင်တီးနား ပြည်ထောင်စု ရာဇဝတ်တရားရုံးက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမိန့်ချခဲ့ပါတယ်။
ဖမ်းဝရမ်းကိစ္စတွေအပေါ် စစ်အုပ်စု တုန့်ပြန်ချက်များ
အာဂျင်တီးနားတရားရုံးရဲ့ အမိန့်ထွက်ပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဂျင်တီးနားရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ အာဂျင်တီးနားအနေနဲ့ သူ့နိုင်ငံ တရားစီရင်ရေးမှာ လစ်လပ်နေတဲ့ တရားသူကြီးနေရာတွေကို အရင်ဖြည့်သင့်တယ်လို့ ပြောခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။
တဖက်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တာအပါအဝင် ဖိနှိပ်ညှဥ်းပန်းခဲ့တာတွေအတွက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ဦးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ တောင်းခံခဲ့ပါတယ်။ စစ်အုပ်စုရဲ့ တုံ့ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက် ICC ခုံးရုံးရဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်မပြုဘူးလို့ ဖေါ်ပြခဲ့ပါတယ်။
ICC တရားသူကြီးတွေ ဆုံးဖြတ်ချက်မှာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွပ်စွဲထားတဲ့ လုပ်ရပ်တွေရဲ့ တစိတ်တပိုင်းက ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ပြောထားပါတယ်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နဲ့ စစ်အုပ်စုက နိုင်ငံတကာက တရားဝင်မှု ပေးလာတာကိုလည်း ဦးထွန်းခင်က ကန့်ကွက်ပါတယ်။ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ဦးထွန်းခင်က ပြောပါတယ်။ အဲဒီချိုးဖောက်မှုတွေ ရပ်တန့်အောင် နိုင်ငံတကာက ဆောင်ရွက်ပေးဖို့ သူက တောင်းဆိုပါတယ်။ ရိုဟင်ဂျာတွေ မူလနေရပ်ကို လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးဟာ အဓိက တောင်းဆိုချက်တခုဖြစ်တယ်လို့လည်း သူက MGM ကို ပြောပါတယ်။
၂၀၂၄ ခုနှစ်က ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ ရိုဟင်ဂျာအရပ်သားတွေကို AA က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို AA ရဲ့ နိုင်ငံရေးအဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငြင်းဆိုခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် မေ ၄ ရက်က Human Rights Watch (HRW) ကို စာနဲ့ တုံ့ပြန်ရာမှာ AA တပ်ဖွဲ့ဝင်တွေဟာ အဲဒီတိုက်ပွဲအတွင်း စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ မရှိဘူးလို့ ULA က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် စစ်တပ်နဲ့ AA နှစ်ဖက်စလုံးက ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဖော်ပြတဲ့ ဩဂုတ်လ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ AA ဘက်က ဖြေကြားချက် မရခဲ့ကြောင်း Reuters က ဖော်ပြပါတယ်။
