မပြီးဆုံးသေးတဲ့ ၈၈ မျိုးဆက်တို့ရဲ့ တော်လှန်ရေးခရီး
“အခု ၂၀၂၁ နွေဦးတော်လှန်ရေး ရောက်လာတော့ မျိုးဆက်သစ်လူငယ်တွေက ဦးဆောင်ပြီး လုပ်ကြတယ်။ ကျနော်တို့ ၈၈ မျိုးဆက်တွေက နောက်ကနေ ပံ့ပိုးပေးတယ်။ ၈၈ မျိုးဆက်တွေရဲ့ တာဝန်ကျေဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ဆက်လက်ပါဝင်ကြိုးပမ်းနေပါတယ်။”
— ကိုရင်ထွေး၊ ၈၈ မျိုးဆက်
၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်များလည်းဖြစ်ခဲ့ကြတဲ့ ကိုကျော်စိုးနဲ့ ကိုဖိုးသက်တို့ ကွယ်လွန်ခဲ့တဲ့ တနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် မင်္ဂလာရာမကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
ကိုကျော်စိုးနဲ့ ကိုဖိုးသက်တို့ နှစ်ဦးလုံးဟာ နိုင်ငံရေးခိုလှုံသူတွေအဖြစ် အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချခဲ့ကြပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ တတ်စွမ်းသမျှ ဆက်လက်ပါဝင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေပါ။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ခြောက်ခုကျော်ကြာ အမြစ်တွယ်နေခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ အမေရိကန်ရောက် ၈၈ မျိုးဆက်တွေ ဘယ်လို ဆက်လက် လှုပ်ရှားပါဝင်၊ ပံ့ပိုးနေကြသလဲဆိုတာကို မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) က ရိုက်ကူးတင်ဆက်ထားပါတယ်။
