မစ်ရှီဂန် သမိုင်းဝင်ရွေးကောက်ပွဲနဲ့ မြန်မာနွယ်ဖွားတွေရဲ့ မဲတမဲနောက်က အသိပညာ
မစ်ရှီဂန်ပြည်နယ် မဲဆန္ဒရှင်တွေက ဒေါက်တာ အဗ္ဗဒူလ် အယ်လ်ဆာယက် (Abdul El-Sayed) ကို ရွေးချယ်လိုက်တာကြောင့် အမေရိကန်သမိုင်းမှာ ပထမဆုံး မွတ်စလင် အထက်လွှတ်တော်အမတ် ဖြစ်လာတော့မှာပါ။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း အယ်လ်ဆာယက်ဟာ နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပါပလီကန် ကိုယ်စားလှယ်လောင်း မိုက်ခ် ရော်ဂျာစ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာလည်း ဒီမိုကရက် ဂျော့စ်လင်း ဘင်ဆန် (Jocelyn Benson) က ရီပါပလီကန် ဂျွန် ဂျိမ်းစ်ကို အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်တွေနဲ့အတူ မစ်ရှီဂန်ဟာ ဒီနှစ်ရွေးကောက်ပွဲမှာ အာရုံစိုက်ခံရတဲ့ ပြည်နယ်တခု ဖြစ်လာပါတယ်။
ဒီလို သမိုင်းဝင်ရွေးချယ်မှုတွေ ဖြစ်ပေါ်စေတဲ့ မဲတမဲချင်းစီရဲ့ နောက်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မူဝါဒကို နားလည်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မစ်ရှီဂန်ပြည်နယ်က မြန်မာနွယ်ဖွားတွေအတွက် အဲဒီလို မဲပေးနိုင်ရေးကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ Burma Center လည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၃ ရက်မှာ MGM က ဆက်သွယ်မေးမြန်းခဲ့တဲ့ Burma Center အမှုဆောင်ဒါရိုက်တာ Christina Khim က မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်ဖို့ ကူညီပေးသလို ဘယ်သူ့ကို ဘာကြောင့် ရွေးချယ်မလဲဆိုတာ သိနားလည်ဖို့လည်း မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။
မဲပေးခွင့်ကနေ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးအထိ
မြန်မာနွယ်ဖွားတွေ အမေရိကန်နိုင်ငံသား ဖြစ်လာတဲ့အခါ နိုင်ငံသားတာဝန်တရပ်ဖြစ်တဲ့ မဲပေးခြင်းမှာ ပါဝင်နိုင်ဖို့ Burma Center က ကူညီပေးနေပါတယ်။ ဒါပေမဲ့ ဘာသာစကားအခက်အခဲနဲ့ အမေရိကန်နိုင်ငံရေးစနစ်အပေါ် အကျွမ်းတဝင်မရှိတာတွေက စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ Christina Khim က ဆိုပါတယ်။
ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းသူတွေက အစိုးရဖွဲ့စည်းပုံနဲ့ နိုင်ငံရေးစနစ်အကြောင်း ကျောင်းမှာ သင်ယူခဲ့ကြပေမဲ့ ရွှေ့ပြောင်းအခြေချလာသူ အများအပြားအတွက်တော့ အခြေခံကနေ စတင်လေ့လာရတာ ဖြစ်ပါတယ်။
“အစကနေ ပြန်သင်ရသလိုမျိုး ဖြစ်တာပေါ့နော်။ ဒီက နိုင်ငံရေးအကြောင်း၊ သူတို့ရဲ့ အစိုးရဖွဲ့စည်းပုံကအစ၊ စနစ်တွေကအစ” လို့ သူက ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေရဲ့ အကြောင်းနဲ့ မူဝါဒတွေကို ကောင်းကောင်းနားမလည်တဲ့အခါ တချို့မဲဆန္ဒရှင်တွေဟာ သူငယ်ချင်း၊ ဆရာသမား ဒါမှမဟုတ် ကိုယ်လေးစားယုံကြည်သူတွေရဲ့ အကြံပြုချက်ကို အားကိုးပြီး မဲပေးတတ်ကြောင်းလည်း သူက ရှင်းပြပါတယ်။
“ကိုယ်က တကယ်သိလို့ ကိုယ်က မဲပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့ ‘ဒီဟာကတော့ ကောင်းမယ်’ ဆိုတဲ့ဟာကိုပဲ ကိုယ်က နားထောင်ပြီးမှ မဲသွားပေးလိုက်တာမျိုး ဖြစ်တတ်တယ်” လို့ Christina Khim က ပြောပါတယ်။
ဒါကြောင့် မူဝါဒတခုက ကိုယ့်မိသားစုနဲ့ အသိုင်းအဝိုင်းအတွက် ဘယ်လို အကျိုးပြုနိုင်မလဲ၊ ဘယ်လို အကျိုးခံစားခွင့်တွေ ဆုံးရှုံးသွားနိုင်မလဲဆိုတာ နားလည်ပြီး ဆုံးဖြတ်နိုင်ရေးကို သူက အလေးထားပြောဆိုပါတယ်။
အသိုင်းအဝိုင်းရဲ့ အသံရောက်ဖို့ ပူးပေါင်းဆောင်ရွက်ခြင်း
လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က မစ်ရှီဂန်ပြည်နယ် Battle Creek နဲ့ Springfield ဒေသမှာ စတင်ခဲ့တဲ့ Burma Center ဟာ မြန်မာနွယ်ဖွားတွေရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်း ဒေသတွင်း ဆေးရုံတွေ၊ ကျောင်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ဆက်ဆံရေး တည်ဆောက်လာခဲ့ပါတယ်။
အဲဒီဆက်ဆံရေးတွေကြောင့် မြန်မာအသိုင်းအဝိုင်းနဲ့ ဆက်သွယ်လိုတဲ့အခါ၊ သူတို့ရဲ့ လိုအပ်ချက်တွေကို သိရှိလိုတဲ့အခါ ဒေသခံအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေက Burma Center ကို ဆက်သွယ်မေးမြန်းလာကြတယ်လို့ Christina Khim က ပြောပါတယ်။
ကိုယ့်အသိုင်းအဝိုင်းအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ငွေကြေးနဲ့ ကျွမ်းကျင်မှုတွေအပြင် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်တယ်လို့ သူက ဆိုပါတယ်။
“ကိုယ်တယောက်တည်း သွားတာက ခရီးသွားရတာ အရမ်းခက်ပါတယ်။ … ပူးပေါင်းဆောင်ရွက်မှု အရမ်းအရေးကြီးပါတယ်” လို့ Christina Khim က ပြောပါတယ်။
