နိုင်ငံရေးအရ ကိုယ်စားပြုခွင့် အာဆီယံ ဆက်ပြီး ကန့်သတ်ချက်ကို စစ်အုပ်စု ကန့်ကွက်
အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ကို ဆက်လက်ကန့်သတ်ထားတဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိဘူးလို့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ဝေဖန်လိုက်ပါတယ်။ အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာ့အရေး ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ တိုးတက်မှု ရှိလာရင် အပြည့်အဝ ကိုယ်စားပြုခွင့်ကို အဆင့်လိုက် ပြန်ပေးဖို့ စဉ်းစားနိုင်တယ်လို့ ပြောထားပါတယ်။
မြန်မာဘက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်နဲ့ အကြံပြုချက်တွေမှာ လုံလောက်စွာ ထည့်သွင်းဖော်ပြထားခြင်း မရှိသလို “တရားမျှတမှုမရှိကြောင်း တွေ့ရှိရသည်” လို့ စစ်အုပ်စု ကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကိုယ်စားပြုခွင့် ကန့်သတ်ထားတာဟာ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံရာ ရောက်တယ်လို့လည်း ဝန်ကြီးဌာနက စွပ်စွဲပါတယ်။
ကိုယ်စားပြုခွင့် ပြန်ပေးရေး အာဆီယံ ဘာတွေသတ်မှတ်ထားလဲ
နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လက်ရှိ ကိုယ်စားပြုခွင့် ကန့်သတ်ချက်ကို ဆက်ထားဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တာပါ။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ “အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှု” မရမချင်း ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးအဆင့် မဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မနီလာထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင် တက်ရောက်ခဲ့ပါတယ်။ တခြားကဏ္ဍဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာတော့ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို အဆင့်အလိုက် ကန့်သတ်ထားခြင်း မရှိပါဘူး။
၂၀၂၁ ခုနှစ် ဧပြီလမှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းရေး၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) ကတစ်ဆင့် အကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။ အဲဒီသဘောတူညီချက်ကို မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အဓိကမူဘောင်အဖြစ် ဆက်ထားဖို့ အာဆီယံခေါင်းဆောင်တွေက မနီလာမှာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ရေရှည်တည်တံ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် သမ္မတ ခန့်အပ်ထားတဲ့ ဦးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၈ ရက် ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းမှာ အာဆီယံနဲ့ ဆက်ဆံရေးကို “ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျနော်တို့အစိုးရအနေနဲ့ ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်” လို့ ပြောခဲ့ပါတယ်။ ပုံမှန်ဆက်ဆံရေး ပြန်ရဖို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပြီး “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားပါမယ်” လို့ သူက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုတဲ့ ဆုံးဖြတ်ချက် ကင်မ်အဲရစ် ကြိုဆို
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ဦးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်ကို ဆက်ထိန်းထားတဲ့အတွက် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံနဲ့ အာဆီယံခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နိုဝင်ဘာလ (၁၂)ရက်နေ့ကက သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်ခ်မှာ- “ဒီဆုံးဖြတ်ချက်ဟာ မိခင်ဖြစ်သူရဲ့ တသက်တာ ကြိုးပမ်းမှုတွေနဲ့ မြန်မာပြည် လွတ်မြောက်ရေးအတွက် အသက်စွန့် ကြိုးပမ်းနေသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားအသိအမှတ်ပြုရာ ရောက်တယ်”လို့ရေးသားထားပါတယ်။
“တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ အသိအမှတ်ပြုမှု မပေးသင့်ပါဘူး” လို့ ကင်မ်အဲရစ်က ပြောပါတယ်။ “အကြမ်းဖက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့၊ မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ အာဆီယံက ဆက်လက်ဖိအားပေးသွားမယ်လို့ မျှော်လင့်ပါတယ်” လို့လည်း သူက ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်အပေါ် NUG ရဲ့ ရပ်တည်ချက်
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရပ်တည်ချက်ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို “စစ်မှန်ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး” ဆက်လက် ကတိပြုထားတယ်ဆိုတာပါ။ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ တခြား အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အချိန်သတ်မှတ်ချက်ပါတဲ့ စံနှုန်းတွေ ချမှတ်ဖို့ NUG က တိုက်တွန်းထားပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်လာဖို့ အာဆီယံအထူးကိုယ်စားလှယ်က NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တရားဝင် တွေ့ဆုံဆွေးနွေးဖို့လည်း တောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကွဲလွဲတဲ့ ထုတ်ပြန်ချက်တွေ
နိုဝင်ဘာ ၂၁ ရက်နေ့စွဲနဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မျာ- “နိုင်ငံရေးအကျဉ်းသားများမရှိပါ” လို့ ငြင်းဆိုထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၂၆,၉၆၄ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်နဲ့ လူထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂၀ ရက် စာရင်းအရ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူတွေထဲက ၁၅,၂၄၁ ဦး ဆက်လက်ထိန်းသိမ်းခံထားရကြောင်း အတည်ပြုနိုင်ပြီး နောက်ထပ် ၇,၇၂၅ ဦးနဲ့ ပတ်သက်လို့ အတည်ပြုဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ်နဲ့ ICJ စီရင်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၃.၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာတော့ နိုင်ငံတကာတရားရုံး (ICJ) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း စီရင်ချက်မှာ ဖော်ပြထားပါတယ်။
