နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ နယူးယောက်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတွေကြား ဆက်လက်အသက်ဝင်နေတာပါ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကတော့ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ ရန်ပုံငွေ ရှာဖွေပွဲတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးတဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်ကျင်းပနေတဲ့ အရေးပါတဲ့နေရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာတေးဂီတဖျော်ဖြေပွဲမှာ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ အစီအစဉ်တွေနဲ့ သတင်းစကားတွေ ပါဝင်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။
အခုလို တေးဂီတဖျော်ဖြေပွဲတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးဖို့၊ ပြည်ပရောက်မြန်မာတွေကြား စည်းလုံးညီညွတ်မှု ဆက်လက်ထိန်းသိမ်းဖို့နဲ့ မြန်မာနိုင်ငံအရေးအပေါ် လူထုစိတ်ဝင်စားမှု မလျော့နည်းသွားစေဖို့ ရည်ရွယ်တယ်လို့ ပွဲစီစဥ်တဲ့ နယူးယောက်မြို့ မြန်မာလူမှုအသိုင်းအဝိုင်း (New York City Burmese Community – NYCBC) အဖွဲ့ခေါင်းဆောင် ကိုနေတင်မြင့်က မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) ကို ပြောပါတယ်။
နယူးယောက်မြို့ဟာ ကုလသမဂ္ဂဌာနချုပ် တည်ရှိရာနေရာ ဖြစ်တာကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာသံတမန်ရေးရာ လှုပ်ရှားတာတွေအတွက် အထူးအရေးပါနေပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့သလို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေသူ ဖြစ်ပါတယ်။ နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်အရ ဦးကျော်မိုးထွန်းဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ပါဝင်နေပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း Asia-Pacific Group ရဲ့ စက်တင်ဘာလ ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
တဘက်မှာတော့ နေပြည်တော်ရှိ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်နေ့မှာ ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားလှယ်အဆင့်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သလို ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုနေတာကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပါတယ်။
ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် ထောက်ခံပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီလှုပ်ရှားမှုဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ ခြောက်ကြိမ်မြောက် လူထုလှုပ်ရှားမှု ဖြစ်ပြီး နယူးယောက် Dag Hammarskjöld Plaza မှာ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အခုလို နယူးယောက်မှာ ပြုလုပ်တဲ့ တေးဂီတဖျော်ဖြေပွဲတွေ၊ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွေ၊ ကုလသမဂ္ဂရှေ့ လူထုစုဝေး လှုပ်ရှားမှုတွေနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေဟာ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းရဲ့ နွေဦးတော်လှန်ရေး ပါဝင်လှုပ်ရှားမှုကို ပြသနေတာ ဖြစ်ပါတယ်။
